ဝန်းသို စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ဂျိုးတောင်အုပ်စု၊ ကွင်းအမှတ် ၁၂၄၁၊ ဦးပိုင်အမှတ် ၄၁၊ တောင်သူ ဦးမောင်မောင်ဝင်း၏ ဆင်းဧကရီ-၃ R-S to C-S မျိုးစေ့ထုတ်ကွက်အတွင်း ဓာတ်မြေဩဇာနှင့် ဂျစ်ပဆန် သဘာဝကျောက်မှုန့်မြေဩဇာ ထည့်သွင်းကြဲပက်ပွဲကို ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာများနှင့် အကျိုးဆောင်တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော့်လယ်မှာ မိုးစပါးမျိုးစေ့ထုတ်ကွက်အနေနဲ့ နှစ်စဉ်စိုက်ပျိုးပါတယ်၊ ဒီနှစ်မိုးရာသီမှာ စပါးစိုက်ဧကအနေနဲ့ GAP စနစ်နဲ့ ၆ ဧက၊ SRI စနစ်နဲ့ ၂ ဧက၊ မျိုးထုတ်ကွက်အနေနဲ့ ၈ ဧက၊ နောက်ပြီး တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိရေး စီမံကိန်းက ၁၀ ဧက စိုက်ပျိုးထားရှိပါတယ်၊ အခု စိုက်ပျိုးထားတဲ့ အထဲကမှ SRI စိုက်ပျိုးနည်းစနစ်ဟာဆိုရင် ပျိုးကြဲတဲ့အခါမှာ ဘောင်စနစ်နဲ့ ပျိုးထောင်ပြီးတော့ ၁၂ ရက်သားနဲ့တစ်ပင်ခြင်း စိုက်ပျိုးရပါတယ်၊ ပျိုးထောင်တဲ့အခါမှာ မျိုးဖိုးကုန်ကျစရိတ်နည်းတဲ့အပြင် ဘောင်စနစ်ဖြစ်တဲ့အတွက် မြေနေရာအများကြီး မလိုအပ်ဘူး၊ အခုစိုက်ပြီးရက်ပေါင်း ၂၀ ပတ်ဝန်းကျင်မှာ အပင်ပွားနှုန်းက ၁၅ ပင်၊ ၁၆ ပင် လောက်ထိရှိသွားပြီ၊ စပါးထွက်နှုန်းကလည်း တစ်ဧက တင်း ၁၀၀ ကျော် ထွက်ရှိပါတယ်၊ အဲ့ကြောင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းပြီး ကုန်ကျစရိတ်သက်သာစေတဲ့ SRI စိုက်နည်းစနစ်ကို တောင်သူတိုင်း စိုက်ပျိုးကြဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု မျိုးစေ့ထုတ်တောင်သူ ဦးမောင်မောင်ဝင်းက ပြောသည်။
ဝန်းသိုမြို့နယ်တွင် ယခု ၂၀၂၁ ခုနှစ်၌ မိုးစပါးစိုက်ဧက ၃၈၄၉၈ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ၃၈၉၈၉ ဧကထိ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စံပြကွက်များအနေဖြင့် မျိုးစေ့ထုတ်ကွက် ဧက ၁၆၀၊ GAP စံပြကွက်ဧက ၄၀ နှင့် SRI နည်းစနစ်မျိုးသန့်စိုက်ကွက် ၁၀ ဧကတို့ကို စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင့်ဆွေထံမှ သိရသည်။
ကျော်မြိုင်


