မြိတ်   အောက်တိုဘာ   ၁၁

 

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော် မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ ယခုနှစ်တွင် မိုးစပါးစိုက် လယ်ဧက(၁၄၂၂၅)ဧကအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း နှစ်ထောင်ကျော် ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြိတ်ခရိုင်ဘဏ်ခွဲမှ သိရသည်။

 

မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို စပါးစိုက်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် စိုက်ဧကစုစုပေါင်း (၁၄၂၂၅)ဧကအတွက် ကျပ်သန်းပေါင်း (၂၁၃၃)သန်းကျော်ကို တောင်သူများအား ထုတ်ချေပေးခဲ့ပြီးဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအနေဖြင့် မြိတ်မြို့နယ်တွင် လယ်(၆၈၉၉)ဧက၊ ကျွန်းစုမြို့နယ်တွင် လယ်(၁၀၆၆) ဧက၊ တနင်္သာရီမြို့နယ်တွင် လယ်(၅၉၇၇)ဧက၊ ဘုတ်ပြင်းမြို့နယ်တွင်(၂၈၃)ဧကတို့အတွက်‌ တောင်သူများအား ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

“ (၂၀၂၁)ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို မေလ(၂၈)ရက်မှ စတင်ထုတ်ချေးပါတယ်။ မြို့နယ်တွေ အနေနဲ့ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်းတို့မှ တောင်သူတွေကို မြိတ်ခရိုင်ဘဏ်ခွဲမှ ထုတ်ချေးပေးတာဖြစ်ပါတယ်။ ချေးငွေထုတ်ချေးတဲ့ကာလက စက်တင်ဘာလကုန်အထိဖြစ်ပေမယ့် အောက်တိုဘာလအထိ တိုးမြှင့် ချေးပေးနေပါတယ်။ (၂၀၂၀)ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ အကြွေးပြေကျေတဲ့ လယ်သမားတွေကို ထုတ်ချေးပေးပါတယ်” ဟု မြိတ်ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးသန်းစိုး က ပြောသည်။

           

စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးလျှင် လယ်တစ်ဧကတွင် ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေး၍ အများဆုံးလယ်(၁၀)ဧကအထိ အတိုးနှုန်းကို ယခင်နှစ်ကအတိုင်း (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများထုတ်ပေးမှု အစီအစဉ်အနေဖြင့် ယခင်နှစ်ချေးငွေ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ယနေ့အထိ ဦးစားပေးထုတ်ချေးပေးလျက်ရှိကြောင်း ခရိုင်ဘဏ်ခွဲမှ သိရသည်။

             

ခိုင်ထူး ( မြိတ် )