ဖြူး သြဂုတ် ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် ရည်ရွယ်၍ ယူရီးယား (Urea) ဓာတ်မြေဩဇာ နိုင်ငံတော်မှသတ်မှတ်ထားသော စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ ဖြူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ပူးပေါင်းကြိုးစား ဆောင်ရွက်ပေးကြရန်နှင့် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သစ်စိမ်းမြေသြဇာ၊ သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုပါကြောင်း ရှင်းလင်းပြောကြားပြီး ဖြူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်က သစ်စိမ်းမြေသြဇာ စိုက်ပျိုးနည်းစနစ်များနှင့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်လင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးညှိနှိုင်း ကြီးကြပ်ရေးကော်မတီများ၊ ဌာနဆိုင်ရာများက ကျေးရွာအုပ်စု (၁၃)အုပ်စု၊ မိုးစပါးစိုက်ဧက (၁၉၁၄၉) ဧကအတွက် ယူရီးယား (Urea) ဓာတ်မြေဩဇာ (၆၅၃)အိတ်ကို နိုင်ငံတော်မှသတ်မှတ်ထားသော စျေးနှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)


