နေပြည်တော်  ၁၄  ဩဂုတ်

မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ‌ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့ နံနက်ပိုင်းတွင် တောင်ငူမြို့နယ် မဟင်ကျေးရွာ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ တက်ရောက်ကြသည်။

မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ‌ပေးအပ်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ကိုဗစ်-၁၉ ကာလတွင် စိုက်ပျိုးရေးဆိုင်ရာ စိုက်ပျိုးနည်းစနစ်များ၊ နည်းပညာပေးလုပ်ငန်းများ၊ နိုင်ငံပိုင်သတင်းစာများ၊ ရုပ်မြင်သံကြားများမှတစ်ဆင့် အသိပေးဆောင်ရွက်လျက်ရှိကြောင်း။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက  CERP အရ ဆောင်ရွက်ရသော ရေတိုအစီအမံ များအပြင် Covid အလွန်ကာလများအတွက် လုပ်ငန်းစဉ်များ၊ လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် နောင်တစ်ချိန်တွင် လယ်ယာမြေနှင့်ပတ်သက်၍ မိမိတို့ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းနိုင်ရေး၊ ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့်စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့်စနစ်များ ဆောင်ရွက်နိုင်ရေးကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ တောင်သူလယ်သမားအသင်းအစု အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများအားလုံးပါဝင်သည့် Collective Strength စုပေါင်း ဆောင်ရွက်သည့် အင်အားသည် အရေးကြီးပါကြောင်း၊ ရေစီမံခန့်ခွဲသည့်နေရာတွင်လည်း ရေသုံးစွဲသူများ အသင်း Water Utilizer Group အား ထူထောင်ဆောင်ရွက်ခဲ့ရာ အသင်းအဖွဲ့ပေါင်း ၂၀၀၀ ကျော်ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ တောင်သူလယ်သမားအသီးသီးက ပြောင်းလဲဖြစ်ပေါ်လာသည့် ရာသီဥတု၊ မိမိတို့၏ ရေအရင်းအမြစ်ကို တိတိကျကျသုံးစွဲကြရမည်ဖြစ်၍ ဒေသအလိုက် စိုက်ပျိုးရေရယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက် နေပါကြောင်း၊ စိုက်ပျိုးရေသုံးစွဲရာတွင် မိုးကောင်းသောက်စနစ်များပြားလျက်ရှိပြီး ဆည်ရေ သောက်စနစ်သည် ၁၅ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ သို့ပါ၍ ပြောင်းလဲလာသော ရာသီဥတုနှင့် နောင်လာမည့်ကာလများတွင် ရေရရှိသုံးစွဲနိုင်မှု ပိုမိုတိုးမြင့်လာစေရေး ဆောင်ရွက်ပေးရန် စီမံကိန်းများ ချမှတ်ပြီးဖြစ်သည်ကို အသိပေးပြောကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော CERP လုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ဌာနဆိုင်ရာနှင့် တောင်သူလယ်သမားအားလုံးတို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို  ဆွေးနွေးပြောကြားသည်။

ထို့နောက်  CERP အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေ‌ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တောင်သူ (၅၈)ဦး၏ မျိုးစေ့ထုတ် (၂၀၇)ဧကအတွက် ငွေကျပ်သိန်း(၃၁၀)ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက တောင်သူ (၈၈)ဦး၏ မျိုးစေ့ထုတ်(၁၉၄)ဧကအတွက် ငွေကျပ်(၂၇၅)သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီး ဦးအောင်ဇော်နိုင်က တောင်သူ (၄၆)ဦး၏ မျိုးစေ့ထုတ်ဧက (၁၅၀) အတွက် ငွေကျပ်(၂၃၃)သိန်းကို လည်းကောင်း ပေးအပ်ကြရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ယနေ့အခမ်းအနား တွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း(၅၅၁)ဧကအတွက် စုစုပေါင်းငွေကျပ် (၈၁၈)သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။

CERP အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများကို တောင်ငူခရိုင်တွင် (၃၁၄၁)ဧက၊ ပဲခူးခရိုင်တွင် (၈၄၃၉)ဧက၊ ပြည်ခရိုင်တွင် ဧက (၉၈၂၄ ဒသမ ၅၀)၊ သာယာဝတီခရိုင်တွင် ဧက (၁၀၃၄၀) စိုက်ပျိုးဆောင်ရွက် လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီးအတွင်း မိုးစပါးမျိုးစေ့ ထုတ်ဧက စုစုပေါင်း ဧက (၃၁၇၄၄ ဒသမ ၅၀) စိုက်ပျိုးသွားမည်ဖြစ်သည်။

ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်စိုက်ပျိုးခြင်းကို ချင်းပြည်နယ်မှအပ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြို့နယ် (၂၈၇)မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ  အထွက်ကောင်းစပါးမျိုး (၆၉၃၃၅)ဧက၊ အရည်အသွေးကောင်းစပါးမျိုး(၃၀၆၆၅)ဧက စုစုပေါင်း ဧကတစ်သိန်း စိုက်ပျိုးသွားမည်ဖြစ်ပြီး မျိုးစေ့၊ အပင်ပြုစုလုပ်အားခ၊ မျိုးကွဲနုတ်ပယ်၊ မျိုးစေ့သန့်စင်လုပ်အားခ စုစုပေါင်း ငွေကျပ် ၁၄၉၁၁ ဒသမ ၃၃သန်း ကို CERP အရ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)