မေးလ်  ၁၀  ဇွန်   

မော်လ်ဒိုက်နှင့် အိန္ဒိယနိုင်ငံတို့သည်    ကာကွယ်ရေးနှင့်  ပင်လယ်ရေကြောင်းအပါအဝင်   နယ်ပယ်အသီးသီးတွင်   ဆက်ဆံမှုခိုင်မာအားကောင်းစေရန်   ယမန်နေ့က   သဘောတူညီချက်  ခြောက်ခုကိုလက်မှတ်ရေးထိုးခဲ့ကြောင်း  ဒေသန္တရမီဒီယာများက  ယနေ့ဖော်ပြခဲ့သည်။

သဘောတူညီချက်များကို   မော်လ်ဒိုက်သမ္မတ  အီဘရာဟင်မိုဟာမက်ဆိုလစ်နှင့် ယမန်နေ့ မွန်းလွဲပိုင်းက နှစ်ရက်ကြာ  တရားဝင်ခရီးစဉ်အဖြစ်  မော်လ်ဒိုက်နိုင်ငံသို့  ရောက်ရှိလာခဲ့သည့်  ဧည့်သည်အိန္ဒိယဝန်ကြီးချုပ်  နာရင်ဒရာမိုဒီတို့၏ရှေ့မှောက်တွင်  လက်မှတ်ရေးထိုးခဲ့သည်။  အားကစား၊  ပင်လယ်ရေကြောင်း၊  အကောက်ခွန်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သှူဝန်ထမ်းများအား လေ့ကျင့်ပေးရေးနှင့် ကာကွယ်ရေးနယ်ပယ်များတွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

သံတမန်ဆက်ဆံရေး ခိုင်မာအားကောင်းအောင်  လုပ်ဆောင်ရန်နှင့်      ဒေသတွင်းငြိမ်းချမ်းမှုထိန်းသိမ်းရာတွင်   အတူလက်တွဲဆောင်ရွက်ရန်  မော်လ်ဒိုက်လွှတ်တော်သို့ပြောကြားသည့်  အထူးမိန့်ခွန်းအတွင်း မိုဒီနှင့်ဆိုလစ်တို့က ကတိပြုခဲ့သည်။ မိုဒီ၏ မော်လ်ဒိုက်နိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်မှာ  မကြာသေးမီကကျင်းပသည့်လွှတ်တော်ရွေးကောက်ပွဲများ၌ အနိုင်ရရှိပြီးနောက် ပထမဆုံးသော ပြည်ပခရီးစဉ်ဖြစ်ခဲ့သည်။ မော်လ်ဒိုက်နိုင်ငံက ပြည်ပမှ ဂုဏ်သရေရှိဧည့်သည်များကိုသာ  ပေးအပ်ချီးမြှင့်သည့်  အဆင့်မြင့်ဆုံး  ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဖြစ်သည့်“The Most Honourable Order of the Distinguished Rule of Nishan Izzuddeen” ဆုဖြင့်မိုဒီကို ဂုဏ်ပြုခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်   မိုဒီသည်   အိမ်နီးချင်း  သီရိလင်္ကာနိုင်ငံသို့ဆက်လက်သွားရောက်ရန် ယနေ့နံနက်ပိုင်းတွင် မော်လ်ဒိုက်နိုင်ငံမှထွက်ခွာသွားပြီဖြစ်သည်။

ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-ကျော်ထိုက်စိုး