ကိုလင်း
7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် ဇာတ်လမ်း စံကို၊ ဇာတ်ညွှန်း Mနိုးနှင့် မယ်ခိုင်တို့ ရေးသားသည့် ကျွန်တော့်ရဲ့သူ ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင် ၂၅ ရက် မှ စတင် ရိုက်ကူးထုတ်လုပ်နေပြီး ထိုဇာတ်ကားတွင် သရုပ်ဆောင်နေတိုး၊ မိုးဟေကိုနှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာ နေဟိန်းက ပုံဖော်ရိုက်ကူးမည်ဖြစ်သည်။ ဇာတ်လမ်းအမျိုးအစားမှာ အချစ်နှင့် သည်းထိတ်ရင်ဖို အမျိုးအစားဖြစ်ပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာနေဟိန်းက “ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အပ်ပြီး ဒီကားကြီးကိုရိုက်ကူးခွင့်ပေးတဲ့ 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးက ကိုဝေမင်းမောင်ကို ကျေးဇူးတင်ပါတယ်၊ ဒီကားကြီးက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုဆိုလည်း မမှားပါဘူး၊ အရင်က မင်းသမီး မိုးဟေကိုဆိုတာ အောင်မြင်မှုတွေရနေတဲ့သူပါ၊ အခု ဇာတ်ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီး မိုးဟေကိုနဲ့ ပြန်ပြီးရိုက်ရမယ်ဆိုတော့ ပျော်တာပေါ့နော်၊ ကိုနေတိုး ဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်း စွယ်စုံရ မင်းသားတစ်ယောက်ဖြစ်တယ်၊ အခုရိုက်မယ့်ကားကလည်း သူတို့နဲ့လိုက်ဖက်တဲ့ ဇာတ်မျိုးဖြစ်တော့ ဒရာမာကြိုက်တဲ့ ပရိသတ်အတွက် အကောင်းဆုံးကားလေး ဖြစ်မှာပါ” ဟု ပြောသည်။
သရုပ်ဆောင် နေတိုးကလည်း”ဇာတ်ကားထဲက ကာရိုက်တာကတော့ ကြိုးစားရုန်းကန်ပြီး ဘဝကိုဖြတ်သန်းရတဲ့ မိသားစုတစ်စုရဲ့ဘဝကို သရုပ်ဆောင်ရမှာပါ၊ ဇာတ်ကားလေးရဲ့ တင်ပြမှုပုံစံလေး က ဆန်းတယ်၊ ရိုးရိုးအိမ်ထောင်ရေး ဘဝဇာတ်လမ်းမျိုး မဟုတ်ဘဲ ရသပိုင်းကို ဦးစားပေးပြီးလုပ်သွားမယ့် ကားအမျိုးအစားပါပဲ။ ဒီကားလေးက အိမ်ထောင်ရေး ဇာတ်ကားလေးလည်းဖြစ်တယ်၊ ထူးခြားမှု ရသပိုင်းလေးကတော့ ဒီအချိန် ပြောလို့မရသေးပါဘူး။ ကားလေးရုံတင်ရင် ခံစားစေချင်ပါတယ်၊ မိုးဟေကိုနဲ့က တွဲပြီးသရုပ်မဆောင်ရတာကြာပါပြီ၊ အခုလို ပြန်ပြီးသရုပ်ဆောင်ရတော့ ဝမ်းသာမိပါတယ်၊ ပရိသတ်တွေ ဒီကားလေးကို ကြည့်ပြီး ခံစားနိုင်အောင် ကျွန်တော်တို့ မောင်နှမနှစ်ယောက် အကောင်းဆုံး ကြိုးစားသွားမှာပါ” ဟု ပြောသည်။
ပရိသတ်ရှေ့မှ ကာလအတန်ကြာ ပျောက်ကွယ်နေသူ မိုးဟေကိုကလည်း ယခုရုပ်ရှင်နှင့်ပတ်သက်၍ “မိုးက အမေ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဇာတ်ကားရိုက်တာတွေ ခဏနားထားတော့ အမေကို ဂရုစိုက်နေရတာနဲ့ အဲဒီဘက်ကို မလှည့်နိုင်တာပါ၊ မိုးရုပ်ရှင်ထုတ်လုပ်ရေးဆိုပြီး ထုတ်လုပ်ရေး လုပ်နေတာတော့ရှိပါတယ်၊ ကိုယ်ပိုင်ထုတ်လုပ်ရေးက ဝါသနာပါလို့ လုပ်ဖြစ်တာပါ၊ အခု ဇာတ်ကားပြန်ရိုက်မယ်ဆိုတော့ မိုးကိုကမ်းလှမ်းကြတာတွေ ရှိနေလို့ ကျေးဇူးတင်ပါတယ်၊ အခု မိုးနဲ့ ကိုနေတိုး ရိုက်ရမယ့်ကားလေးကလည်း မိုးအရိုက်ချင်ဆုံး ပုံစံလေး ဖြစ်နေတော့ ကျေနပ်ပါတယ်၊ လက်တွေ့ အပြင်က မိသားစု ဘဝတွေကိုအခြေခံပြီး ရိုက်တဲ့ကားလေး ဆိုတော့ ပညာပေးလေးလည်းဖြစ်တာမို့ ပရိသတ်တွေအတွက် အကောင်းဆုံးကားလေးတစ်ကား ဖြစ်မယ်လို့ မိုးမျှော်လင့်ပါတယ်”ဟု ပြောကြားသည်။
မြန်မာ့အလင်း