မိုးကောင်း၊ ၂ ဖေဖော်ဝါရီ  

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အား ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်လျက်ရှိရာ ထီးချိုင့်ကျေးရွာအနီး လွဲပုတ်ရွာဟောင်း ရေတံခွန်သွားလမ်း၌ လူ ၁၀၀ ကျော်ဝင်ဆံ့သည့် ကျောက်လိုဏ်ဂူတစ်လုံးကို ရှာဖွေဖော်ထုတ်ခဲ့ကြောင်း ခရီးစဉ်ဒေသသစ်ဖော်ဆောင်ရေး We Love Mogaung အဖွဲ့မှ သိရသည်။

 

မိုးကောင်းမြို့နယ်အတွင်းသို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်ဒေသသစ် ဖော်ဆောင်ရေး We Love Mogaung အဖွဲ့မှ ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ညွှန်ကြားမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လွဲပုတ်ရွာဟောင်း ရေတံခွန်သွားလမ်း၌ နှစ်ကာလမခန့်မှန်းနိုင်သေးသော လူ ၁၀၀ ကျော် ဝင်ဆံ့သည့် ကျောက်လိုဏ်ဂူတစ်လုံး ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါကျောက်လိုဏ်ဂူနှင့်ပတ်သက်၍ We Love Mogaung အဖွဲ့ ခေါင်းဆောင် ဦးဝင်းနိုင်က“ ကျောက်လိုဏ် ဂူရှိတဲ့နေရာဟာ လွဲပုတ်ရွာဟောင်းရှိခဲ့တဲ့နေရာမှာပါ။

 

လွဲပုတ်ဆိုတာ ရှမ်းဘာသာနဲ့ခေါ်ဝေါ်တာဖြစ်ပြီး “လွဲ” ဆိုတာက ရှမ်းလို “လွိုင်” (တောင်ကိုခေါ်ဆိုခြင်း) ဖြစ်ပြီး “ပုတ်” ဆိုတာကခြတောင်ပို့ကိုခေါ်တာပါ။ အခုတွေ့ရှိရတဲ့ ခြတောင်ပို့လိုဏ်ဂူနဲ့ ဆက်စပ်မှုရှိပါတယ်။ ဒါကို နားလည်တတ်ကျွမ်းတဲ့သူတွေ သေချာလေ့လာပြီး စနစ်တကျ ဖော်ထုတ်မယ်ဆိုရင် ပြည်တွင်းပြည်ပက ခရီးသွားတွေ လာရောက်လည်ပတ် ကြည့်ရှုစရာနေရာတစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

 

အဆိုပါကျောက်လိုဏ်ဂူမှာ လူတစ်ကိုယ်စာဝင်နိုင်သည့် အဝင်ပေါက်နှင့် အထွက်ပေါက်ရှိပြီး လိုဏ်ဂူအတွင်းတွင် လှပသည့်ဂူနံရံများ ကျောက်ဖြစ်နေသည့် ခြတောင်ပို့များရှိကာ လိုဏ်ဂူအား ကျောက်ဇလုံကြီးတစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ သဘာဝအတိုင်းရှိနေပြီး ရေတံခွန်သို့ လာရောက်လည်ပတ်သူများမှာ ကျောက်လိုဏ်ဂူအတွင်းသို့ ဝင်ရောက်ကြည့်ရှု လေ့လာလျက်ရှိကြကြောင်း သိရသည်။

 

လွဲပုတ်ရွာဟောင်းရေတံခွန်နှင့် ခြတောင်ပို့လိုဏ်ဂူမှာ မိုးကောင်းမြို့နယ် ထီးချိုင့်ကျေးရွာအနီးတွင် တည်ရှိပြီး မိုးကောင်းမြို့မှ ကား၊ ဆိုင်ကယ်တို့ဖြင့် တစ်နာရီခန့် သွားရောက်နိုင်ကာ ရေတံခွန်သို့ အပန်းဖြေလာရောက်ရင်း လိုဏ်ဂူသို့ဝင်ရောက်လေ့လာနိုင်ရန် We Love Mogaung အဖွဲ့နှင့် ဒေသခံများက လမ်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ချောင်းကူးတံတား ဆောက်လုပ်ခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)