မိုးကောင်း  ၆  အောက်တိုဘာ 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ ရေချောင်းကမ်းဘေး အနိမ့်ပိုင်းရပ်/ကျေးများသို့ ရေဝင်ရောက်မှုကြောင့် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် အိမ်ထောင်စု(၄၅)စုရှိ လူဦးရေ(၂၁၁)ဦးအတွက် စားနပ်ရိက္ခာထောက်ပံ့ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အောက်တိုဘာ ၅ ရက် ညနေ ၃ နာရီက ကျင်းပသည်။

 

မိုးညှင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် ဆန်ရိက္ခာ(၇)ရက်စာ ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၄၃၀၀၀၊ Mask (၂၁၁)ခုနှင့် ဆပ်ပြာ(၄၅) ထောင့်တို့ကို ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။

 

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ် စီမံခန့်ခွဲရေး ကော်မတီဝင်များနှင့်အတူ ယာယီရေဘေးရှောင်ပြည်သူများ၏ကိုယ်စား သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ရပ်/ကျေးမှတစ်ဆင့် ရေဘေးရှောင်ပြည်သူများထံသို့ လက်ဝယ်အရောက် စနစ်တကျထောက်ပံ့ပေးကြကြောင်း သိရသည်။

 

စက်တင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်က မိုးကောင်းမြို့ရှိနန့်ရင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေအမှတ် အထက်ကျော်လွန်ခဲ့ပြီး ချောင်းကမ်းဘေးအနိမ့်ပိုင်းနေအိမ်များ ရေနစ်မြုပ်၍ သွားလာရခက်ခဲကာ သက်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)