မိုးကောင်း  ၃   အောက်တိုဘာ 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များအနေဖြင့် ယနေ့မှစပြီး မြို့တွင်းသို့ဝင်ရောက်လိုပါက နေ့ချင်းပြန်စနစ်ဖြင့်သာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ပြီး ညအိပ်ရပ်နားလိုပါက မြို့ပြင်ရှိသတ်မှတ်နေရာများတွင်သာ ရပ်နားရမည်ဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာများပြားလာမှုကြောင့် မိုးကောင်းမြို့နယ်အတွင်း ရောဂါပိုးပျံ့နှံ့မှုမရှိစေရန် မြို့နယ်အတွင်းသို့ ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များအနေဖြင့် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ နေ့ချင်းပြန် ဝင်ထွက်သွားလာရမည်ဖြစ်ပြီး ညအိပ်ရပ်နားရမည်ဆိုပါက သက်ဆိုင်ရာသို့အကြောင်းကြားကာ မြို့ပြင်ရှိသတ်မှတ်နေရာများတွင်သာ ညအိပ်ရပ်နားရမည်ဖြစ်သည်။

 

ထို့အတူ မိုးကောင်းမြို့နယ်အတွင်းသို့ ဖြတ်သန်းမောင်းနှင်နေသည့် အဝေးပြေးကုန်တင်ယာဉ်များ အနေဖြင့် မြို့နယ်အတွင်းရပ်နားခွင့်မရှိပဲ စားသောက်ဆိုင်များ၌ ညအိပ်ရပ်နားခြင်း၊ ဆိုင်ထိုင် စားသောက်ခြင်းများ မပြုလုပ်ကြရန်နှင့် စည်းကမ်းလိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက မိမိတို့အစီအစဉ်ဖြင့် စောင့်ကြည့်ခံ ၁၄ ရက် ဝင်ရောက်ရမည်ဖြစ်ကြောင်း မိုးကောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)