မိုးကောင်း        စက်တင်ဘာ        ၁၃

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြေစိုက် နံရံကပ်ပြဘုတ်၌ စက်တင်ဘာ ၁၃ ရက်နံနက် ၁၀နာရီတွင် ပြသထားလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လူကုန်ကူးမှုတာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်တွင် “လူသည် ရောင်းကုန်မဟုတ်ပါ၊ လူကုန်ကူးမှုပပျောက်ရေး ဒို့တွေပါဝင်ကူညီပေး” ခေါင်းစဉ်အပါအဝင် လူကုန်ကူးမှုခံရလျှင် ကြုံတွေ့ခံစားရမည့်ဆိုးကျိုးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေက ပေးမည့်ပြစ်ဒဏ်များ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမည့် သတိပြုစရာဖြစ်ရပ်များ၊ ကလေးသူငယ် များကို တစ်ဖက်နိုင်ငံသို့ ရောင်းစားသည့် သတိပြုစရာများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့်နည်းလမ်းများ၊ ဆက်သွယ် အကူအညီတောင်းခံနိုင်သည့် လူကုန်ကူးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု ဖုန်းနံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။

           

၂၀၂၁ ခုနှစ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့၏ ရည်ရွယ်ချက်(၄)ရပ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံး ပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များအားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊  နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အချက်များပါဝင်ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)