မိုးကောင်း   ၄   ဇူလိုင်  


 
ခြင်ကျားများဖြစ်စေသော ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းကို မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်လုပ်ငန်းများ  ဆောင်ရွက်နေကြကြောင်း သိရသည်။

 

အဆိုပါဆောင်ရွက်ခြင်းကို   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်စု၊ ရာအိမ်စုမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိုးကောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့မှ အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ခြင်ပေါက်ဖွားနိုင်ဖွယ်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြစ်သော အိုးခွက်ဟောင်း၊ တာယာဟောင်း၊ ဘူးခွံများ၊ ညောင်ရေအိုုးများကို ဖုံးသွန်ခြင်းနှင့် ရေလှောင်ကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြကြောင်း၊

 

ကျန်ရှိနေသည့်ရပ်ကွက်များကိုလည်း  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 


   
အလားတူစွာ  မြို့နယ်စည်ပင်သာယာရေးအစီအစဉ်ဖြင့် ခြင်အကြီးကောင်များကို သေစေနိုင်ရန်အတွက် ဆေးမှုတ်ခြင်းလုပ်ငန်းကိုလည်း ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။ 

 

သန်းလွင်ဦး (ပြန်/ဆက်)