မိုးကောင်း  ၂၁  ဒီဇင်ဘာ  

 

ဗုဒ္ဓဘာသာဝင် ရှမ်းနီလူမျိုးများ၏ ပထမဦးဆုံးပေါ်သည့် စပါးမှရသည့်ဆွမ်းကို သံဃာတော်များအား အထွဋ်အမြတ်ထား၍ အတိုင်းမသိ နိဗ္ဗာန်ကိုမျှော်မှန်းကာ ဒါနပြုကပ်လှူပူဇော်သည့် ရှမ်းနီနှင့် ရှမ်းမျိုးနွယ်စုများ နှစ်သစ်ကူးကောက်ဦးဆွမ်း ကပ်လှူပွဲတော်ကို စတုတ္ထအကြိမ်မြောက်အဖြစ် ယနေ့နံနက်(၈)နာရီခွဲတွင် ရွှေပြည်ကျောင်းတိုက်၌ ကျင်းပသည်။

 

5

 

ဆွမ်းကပ်လှူပွဲတော်ကို ဆရာတော် ၂ ပါးနှင့် ပွဲဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးကျော်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နယကဆရာတော်များ အမှူးပြုသည့် မိုးကောင်းမြိုနယ်ကျောင်းတိုက်များမှ ဆရာတော် အပါး(၈၀)တို့အား နှစ်သစ်ကောက်ဦးဆွမ်း ကပ်လှူခဲ့ကြသည်။

 

“ကောက်ဦးဆွမ်းဆိုတာ စပါးပေါ်တဲ့အချိန်ဖြစ်တဲ့ နတ်တော်ပြာသိုလဆိုရင် တောင်သူတွေက မိမိတို့စိုက်တဲ့ စပါးတွေပေါ်ပြီလေ။ အရင်ဆုံးပေါ်တဲ့စပါးကို ကြိတ်ပြီးရတဲ့ဆန်နဲ့ ဦးဆုံးနှစ်သစ်မှာ ကပ်တဲ့အတွက်ကြောင့် ကောက်ဦးဆွမ်း နှစ်ဦးဆွမ်းကပ်လှူတဲ့ အလေ့အထပွဲလေးတစ်ခုပါ။ အခုဆိုရင် စတုတ္ထအကြိမ်မြောက်ပေါ့”ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ ဦးစိုင်းဉာဏ်ထွန်းက ပြောသည်။

 

5

 

ရိုးရာဖျော်ဖြေကပြမှုကို ဆက်လက်ကျင်းပရာ နတ်ကြီးကုန်း၊ နောင်ကိုင်တော်၊ ရုံးဟောင်း၊ ကျွန်းတော၊ ကြာအင်း၊ ကညှင်မြိုင်၊ အုန်းဘောင်၊ ပင်းဘောနှင့် သိုက်ဝါးကုန်းကျေးရွာတို့မှ ရှမ်းနီလူမျိုး တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ဧည့်ခံဖျော်ဖြေ ကပြကြကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)