မိုးကောင်း  ၁၈   ဇွန်  


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ မိုးကောင်းမြို့နယ်အတွင်း အသက် ၃ နှစ်အောက်ကလေးများ ဘက်စုံဖွ့ဖြိုးမှုရရှိစေရေး မိခင်ဝိုင်း ၅ ဝိုင်း ဖွဲ့စည်းဆောင်ရွက်မှုကို နန့်ရင်းရပ်ကွက် သပြေပင် လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီတွင်ကျင်းပသည်။ 


မိုးကောင်းမြို့နယ် ကုန်းတန်းကြီး၊ ကညှင်မြိုင်၊ တောင်နီ၊ နတ်ကြီးကုန်းနှင့် လွယ်လီယံကျေးရွာများအား မိခင်ဝိုင်းတစ်ဝိုင်းစီ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


"မိုးကောင်းမြို့နယ် အတွင်းမှာရှိတဲ့ အသက် ၃ နှစ်အောက်ကလေးတွေ အာဟာရပြည့်ပြည့်ဝဝ စားနိုင်ဖို့ရယ်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ရယ် ရည်ရွယ်ပြီးတော့ မိခင်ဝိုင်း ၅ ဝိုင်းတိုးချဲ့ဖွဲ့စည်း ဆောင်ရွက်မည့် လုပ်ငန်းဖြစ်ပါတယ်" ဟု ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက ပြောကြားသည်။


သင်တန်းကို ကျေးရွာမိခင်ဝိုင်းများမှ ရပ်ရွာလူထု  ၈၀ တက်ရောက်ပြီး  ကလေးဖွံ့ဖြိုးမှုသည် မိဘများက အရေးကြီးသည်ကို သိရှိစေလိုကြောင်း၊ မိခင်ဝိုင်းကို မည်သို့ ဆောင်ရွက်မည်ကို အသိပညာပေး လုပ်ငန်းများအား ၅ ရက်သာ ကာလ ဆွေးနွေးပို့ချ မည်ဖြစ်ကြောင်း သိရသည်။


ကလေးဖွံ့ဖြိုးမှု အားအကောင်းဆုံး အချိန်သည် မွေးစမှ ၈ နှစ်အရွယ်ဖြစ်ပြီး ကလေးများ(သို့) လူသားများ၏ ဦးနှောက်သည် မွေးစမှ ၃ နှစ်အရွယ်တွင် အဖွံ့ဖြိုးဆုံး ဖြစ်သည်။ ထိုအချိန်အတွက် လှုံ့ဆော်မှုကောင်းသော ပတ်ဝန်းကျင်၊ ကလေးဖွံ့ဖြိုးမှုအတွက် ကောင်းစွာပံ့ပိုးနိုင်သော ပြုစုစောင့်ရှောက်သူနှင့် အစာအာဟာရများ လိုအပ်လျှက်ရှိသည်။ အဆိုပါကလေးများအား ရပ်ရွာလူထုကိုယ်တိုင် မိမိရပ်ရွာအတွင်း စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ရေးအတွက် မိခင်ဝိုင်းကို ဖွဲ့စည်းဆောင်ရွက်ကြောင်း သိရသည်။


အခမ်းအနား၌ ကချင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွန်ကြားရေးမှူးနှင့် မိုးကောင်းမြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူတို့က အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝိုင်းခေါင်းဆောင်မိခင်များ တက်ရောက်သည်။


သန်းလွင်ဦး (ပြန်/ဆက်)