မိုးကောင်း ၂၂ ဧပြီ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် စောင့်ကြည့်စခန်းများနှင့် နေအိမ်စောင့်ကြည့်ထားသူ လေးဦးတို့၏ ဓာတ်ခွဲနမူနာများကို ဧပြီ ၂၂ ရက်က အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းသို့ ရောဂါပိုးရှိမရှိစစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
မိုးကောင်းမြို့နယ်အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို စာသင်ကျောင်းများနှင့် နေအိမ်များတွင် ကန့်သတ်စောင့်ကြည့်လျက်ရှိရာ Facility Quarantine Center များတွင် ဝင်ရောက်နေသည့် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသားနှစ်ဦး၊ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသမီးတစ်ဦးနှင့် ဧပြီ ၇ ရက်က ရန်ကုန်-မန္တလေး-မြစ်ကြီးနား ဂိုးလ်ဒင်းမြန်မာ လေယာဉ်ခရီးစဉ်တွင် Case-82 နှင့် ရန်ကုန်-မန္တလေး ခရီးစဉ်တွင် အတူစီးနင်းလိုက်ပါခဲ့ပြီး မိုးကောင်းမြို့နေအိမ်တွင် စောင့်ကြည့်နေသူ အမျိုးသမီးတစ်ဦးတို့၏ ဓာတ်ခွဲနမူနာများကို ယနေ့လေကြောင်းလိုင်းဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ ရောဂါပိုးရှိမရှိစစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါ လေးဦးစလုံးမှာ ရောဂါလက္ခဏာပြသမှုမရှိပဲ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဓာတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


