မိုးကောင်း မတ် ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စီးပွားမြှင့်တင်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးအတွက် ခရိုင်/ မြို့နယ်များအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၂ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ မိုးကောင်းမြို့နယ်၊ သူဌေးကုန်းကျေးရွာရှိ ငွေကံဆင့်ဆီကြိတ်စက်လုပ်ငန်း၌ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ထားရှိမှု၊ အသေးစား ဆီကြိတ်စက်များဖြင့် ပဲဆီ၊ မုန်ညှင်းဆီများ ကြိတ်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် မိုးကောင်းမြို့နယ် ကျွန်းပင်သာကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်သော တောင်သူ ဦးအောင်မျိုးထွန်း၏ ဆီထွက်သီးနှံနေကြာ စိုက်ခင်းအတွင်း ရိတ်သိမ်းချိန် နေကြာစေ့များဖြင့် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုနှင့် အထွက်နှုန်း တိုးပွားနိုင်မှုအခြေအနေကို ကြည့်ရှုကာ မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆီထွက်သီးနှံ နေကြာအပါအဝင် မြေထောက်ပဲ၊ မြေပဲနှင့် ဆောင်းသီးနှံများ စိုက်ပျိုးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ သီးနှံများ ဈေးကွက်ရရှိရေး၊ MSME လုပ်ငန်းများနှင့် ချိတ်ဆက်၍ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဌာနဆိုင်ရာများ၊ တောင်သူများနှင့် ညှိနှိုင်းပေါင်းစပ် ဆွေးနွေးခဲ့ကြကာ တောင်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုးကောင်းမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သော မြို့နယ်အဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအဆင့်လုပ်ငန်းဆောင်ရွက်မှုကော်မတီအဖွဲ့ဝင်များ၊ MSME လုပ်ငန်း ရှင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က “ဒေသခံပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် ဖန်တီးဆောင်ရွက်ပေးကြရမည် ဖြစ်သည့်အပြင် ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက် ကုန်ကြမ်းများဖြင့် MSME လုပ်ငန်းများတွင် ထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း” မှာကြားသည်။

ထို့နောက် မြို့နယ်အဆင့် လုပ်ငန်းစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၆၆၀၀ ဖြင့် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင် ရေးပေါင်းစပ်ဆောင်ရွက်ပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့တော်ခန်းမအတွင်း ပြသထားသည့် ဒေသထွက် စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်း ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဈေးကွက် ပိုမိုတိုးချဲ့နိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ကျွန်းတောရပ်ကွက်ရှိ ရွှေမြစ်ဆုံ ဆီကြိတ်စက်လုပ်ငန်းနှင့် ဆန်ကြိတ်စက်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝင်ငွေရရှိမှုနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဆွေးနွေးသည်။

ယင်းနောက် အိုးတန်းရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဆေးရုံ၌တက်ရောက် ဆေးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပြီး လူနာများအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို လိုက်လံထောက်ပံ့ ပေးအပ်ပြီး ဆေးရုံဝင်းအတွင်း နှစ်ထပ်အရေးပေါ်ခွဲစိတ်ကုသခန်း တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်အရည်အသွေး ပြည့်မီစေရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန့်ရင်းရပ်ကွက်အတွင်းရှိ အိလေး စားသောက်ကုန် လုပ်ငန်းအတွင်း မိသားစုတစ်ပိုင်တစ်နိုင် စီးပွားဖြစ် ပဲငပိ၊ မာလာရှမ်းကောအနှစ်၊ ငရုတ်ချဉ်၊ ဟင်း ချက်အနှစ်ပစ္စည်းများ ထုတ်လုပ်ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး လုပ်ငန်းများ အဆင့်မြှင့်တင်၍ ထုတ်ကုန်များ တိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ဈေးကွက်ပိုမိုရရှိရေးတို့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထိုမှတစ်ဆင့် နမ္မတီးမြို့၌ မြို့တော်ခန်းမသစ် တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ပြည်နယ်(ပြန်/ဆက်)