မိုးကောင်း ဇူလိုင် ၁၆
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာများသို့ ဇူလိုင် ၁၅ ရက်က မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်မတည်ရန်ပုံငွေစီမံကိန်းဖြင့် ဆောင်ရွက်နေသော လေသာကုန်းကျေးရွာ၊ သိုက်ဝါးကုန်းကျေးရွာ၊ မင်းကုန်းကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထုတ်ချေးမှု (၁)နှစ်ပြည့်ပြီဖြစ်၍ အရင်း၊ အတိုးများကို သတ်မှတ် ကာလအတွင်း အချိန်မီပေးဆပ်နိုင်ရန် စာရင်းဇယားများ ပြည်စုံမှန်ကန်စွာဖြည့်သွင်းဆောင်ရွက်နိုင်ရန်နှင့် ဒုတိယနှစ် စီမံကိန်းအတွက် ချေးငွေများ အမြန်ဆုံးပြန်လည်ထုတ်ချေးနိုင်ရေး ကြိုတင်ဆောင်ရွက်ထားနိုင်ရန် ကျေးရွာကော်မတီများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ပြည်သူများ လူမှုစီးပွားထိခိုက်မှုများ ဖြစ်ပေါ် နေသောကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)ကို အထောက်အကူပြုစေရန် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုး မွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် စီးပွားရေးများ ပြန်လည်စတင်နိုင်ရန်နှင့် တိုးချဲ့နိုင်ရန်(CERP) လုပ်ငန်းစီမံချက် ငွေကြေးထောက်ပံ့ခြင်း(Cash for Lending Support) အစီအစဉ်အရ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်း၏ ပြောကြားချက်အရ သိရသည်။
စိုးဝေအောင်(ခင်ဦး)


