မိုးကောင်း  ၁၈  ဇွန်

 

ကိုဗစ်ကာလအတွင်း အသွားအလာကန့်သတ်မှုများရှိနေခြင်းကြောင့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အတွင်းသို့ ဒေသပြင်ပမှ လာရောက်စပါးစိုက်ပျိုးသည့် ကောက်စိုက်သမ အခက်အခဲရှိနေသော်လည်း ၂၀၁၉-၂၀၂၀ ခုနှစ် မိုးရာသီတွင်လျာထားချက်နှင့်အညီ မိုးစပါးစိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးစိန်လွင်ထံမှ သိရသည်။

 

mdn

 

 ယခုနှစ် မိုးစပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်လွင်က "ကျွန်တော်တို့ မိုးကောင်းမြို့နယ်မှာ ဒေသခံ ကောက်စိုက်သမ လုံလောက်မှုမရှိတာကြောင့် နှစ်စဉ်နှစ်တိုင်း စစ်ကိုင်းတိုင်းဒေသကြီး ရေဦး၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တွေက ကောက်စိုက်သမဦးရေ ၂၀ဝ၀ လောက်ကို ခေါ်ယူပြီး စပါးစိုက်ပျိုးရပါတယ်၊ ဒီနှစ်မှာတော့ ကိုဗစ်ကာလ အသွားအလာ ကန့်သတ်မှုတွေ ရှိလာတာကြောင့် ကောက်စိုက်သမလာရောက်မှုနည်းပါးလာနိုင်ပါတယ်" ဟု ပြောသည်။

 

 မိုးကောင်းမြို့နယ်ရှိ တောင်သူအများစုသည် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးကြပြီး ကိုဗစ်ကာလ အတွင်း ကောက်စိုက်သမ အခက်အခဲကြောင့် ပျိုးထောင်စနစ်အစား ကြဲစိုက်(အစေ့ချ)စနစ်ဖြင့် စိုက်ပျိုး လာကြခြင်းကြောင့်  စိုက်ပျိုးရေးဦးစီးဌာနမှ အစေ့ချစိုက်ပျိုးနည်းစနစ်များကို အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

 ၂၀၁၈၂၀၁၉ ခုနှစ် မိုးရာသီတွင်  မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးဧက ၇၅၃၈၀ စိုက်ပျိုးခဲ့ပြီး လျာထားချက် ကျော်လွန်ကာ ဧက ၂၀ဝ၀ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့၍ မိုးစပါးတစ်ဧကလျှင် ပျမ်းမျှ ၇၃ ဒသမ ၃၈ တင်းနှုန်းဖြင့် မိုးစပါးတင်းပေါင်း ၅၅၃၁၃၈၄ ထွက်ရှိခဲ့သည်။

 

ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန် ၇၇၅၁၇ ဧက လျာထားပြီး လျာထားချက်ပြည့်မီစေရန် တောင်သူများ၏ လိုအပ်ချက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာသုံးပစ္စည်းဖြန့်ဖြူး ရောင်းချရေး ကုမ္ပဏီနှင့် ချိတ်ဆက်၍ တောင်နီကျေးရွာတွင် Distribution Point ဖွင့်လှစ်ထားရှိပြီး တောင်သူများ အဆင်ပြေ စေရန် လယ်ယာသုံးပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။

 

ဝင်းနိုင်(ကချင်မြေ)