မိုးကောင်း၊ ၂၈ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ်၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
"တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ မနေ့က စတင်ထိုးနှံကြတယ်။ ကာကွယ်ဆေးထုတ်ယူမှုနဲ့ ပြင်ရဆင်ရနဲ့ ဒီမှာတော့ကနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှဘဲစထိုးပေးနိုင်တာပေါ့။ ဒီနေ့နဲ့ မနက်ဖြန် နှစ်ရက်ခွဲပြီး ထိုးနှံပေးမှာ ဖြစ်ပါတယ်။ COVID-19 ကာကွယ်ဆေး ရရှိပြီ ဆိုပြီးတော့လဲ ပေါ့ဆလို့ မရပါဘူး။ COVID-19 ကာကွယ်ဆေးကို ပြည်သူအားလုံးအတွက် ဆေးရရှိမှုအပေါ်မူတည်ပြီး သတ်မှတ်အုပ်စုအလိုက် ဆက်လက် ထိုးနှံ ပေးသွားမှာဖြစ်ပါတယ် "ဟု မိုးကောင်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံကပြောကြားသည်။
မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD)ကို (၂၁)လုံး ပထမအကြိမ်ရရှိပြီး ဆေး(၁)လုံးကိုလူ ၁၀ ဦး ထိုးနှံရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း(၁၈၄)ဦး၊တိုင်းရင်ဆေးဌာနမှ ဝန်ထမ်း(၁၂)ဦး နှင့်အား/ကာမှဝန်ထမ်း(၄)ဦး စုစုပေါင်းဦးရေ ၂၀၀ ကို ၂ ရက်တာကာလ စတင်ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)


