မိုးကောင်းမြို့နယ်၌ မူးယစ်တရားခံပြေးတစ်ဦးအား ရဲတပ်ဖွဲ့မှ သတိပေးပစ်ခတ်ဖမ်းဆီးရမိ

နေပြည်တော်  ၆  ဇွန် 
    

နမ္မတီးနယ်မြေရဲစခန်း၏မယ(ပ)၁၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)/၂၁၊ မယ(ပ)၁၁/၁၉၊ မူး/စိတ်ပုဒ်မ-၁၆(ဂ)/၂၁နှင့် (ပ)၁၀/၂၀၁၉ လက်နက်ဥပဒေပုဒ်မ-၁၉(စ)အမှုမှ တရားခံပြေးရီထွမ်း (ဘ)ဦးအိုက်ဆွေ၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့၊ ကံလှကျေးရွာအုပ်စု၊ ကျွန်းကုန်းရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ရောက်ရှိနေကြောင်းသတင်းအရနယ်မြေခံရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးရာ အသာတကြည် အဖမ်းခံခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များအားတူမီးသေနတ်ဖြင့် ခုခံပစ်ခတ်ခဲ့သည်။
    

သို့ပါ၍ ရဲတပ်ဖွဲ့ဝင်များက  ပြန်လည် သတိပေး ပစ်ခတ်ခဲ့ရာတရားခံပြေးရီထွန်း၏ ယာလက်ကောက်ဝတ်အား ထိမှန်ဖမ်းဆီးရမိခဲ့ပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကော်ဗူးဖြင့် ထည့်ထားသည့် ဘိန်းဖြူ(ဝ ဒသမ ၃)ဂရမ်ခန့်၊ အရှည်(၃၇) လက်မခန့်ရှိတူမီးသေနတ် (၁)လက်၊ ခဲသီး (၄၂)လုံး၊ ယမ်းမှုန့် (၂)ကျပ်သားခန့် တို့အားရှာဖွေသိမ်းဆည်းရမိခဲ့၍ ၎င်းတရားခံပြေး အား တရားဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ 


(သတင်းစဉ်)