မိုးကောင်း ၁၂ ဇူလိုင်

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ ပထမဆုံးအကြိမ်အဖြစ် ကောက်စိုက်စက်ဖြင့် မိုးစပါးစမ်းသပ်စိုက်ပျိုးခြင်းကို ယနေ့နံနက် ၁၀ နာရီက မန်ရွက်ကျေးရွာရှိ တောင်သူဦးဆန်းညွန့်နိုင်၏ လယ်ယာမြေတွင် ကျင်းပသည်။

 

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်းက "ကောက်စိုက်စက်နဲ့စိုက်ပျိုးရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ လယ်ယာလုပ်သား ရှားပါးတဲ့ဒေသတွေမှာ ဒီလိုစက်တွေနဲ့ စိုက်ပျိုးမယ်ဆိုရင် ပိုပြီးလွယ်ကူမှုရရှိနိုင်စေဖို့ပါ၊ တောင်သူတွေလည်း ကောက်စိုက်စက်တွေသုံးတတ်လာမယ်၊ ပျိုးဗန်းနဲ့ပျိုးထောင်ပြီး စိုက်ပျိုးရတာဖြစ်လို့ မိမိနေအိမ်မှာပဲပျိုးထောင်နိုင်သလို လယ်ကွင်းထဲမှာလည်း ပလပ်စတစ်စတွေခင်းပြီး ပျိုးထောင်နိုင်ပါတယ်၊ အစမှာတော့အလေ့အထမရှိသေးလို့ ခက်ခဲမှုရှိနိုင်ပါတယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့ဌာနက ကူညီဆောင်ရွက်ပေးနေပါတယ်" ဟုပြောသည်။

 

မိုးကောင်းမြို့နယ်အတွင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြို့နယ်စက်မှု လယ်ယာဦးစီးဌာနနှင့် တောင်သူဦးဆန်းညွန့်နိုင်တို့ ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ကာစက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် အခမဲ့စိုက်ပျိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးသွယ်မောင်မောင်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်လွင်နှင့် ဒေသခံတောင်သူများမှ လာရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)