မိုးကောင်း ၁၇ စက်တင်ဘာ
ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများကို ထိရောက်စွာစီမံခန့်ခွဲနိုင်အောင် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းကို ယနေ့ နံနက်ပိုင်းက မိုးကောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနေဝင်းက အမှာစကားပြောကြားသည်။
၎င်းသင်တန်းသည် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များအနက် ပြည်သူတစ်ရပ်လုံး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင် အသိပေးခြင်း၊ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းမှ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များ၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို သိရှိစေမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးက ဆက်လက်ပြောကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်းတို့က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အခမ်းအနားကို ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
သင်တန်းကို ယနေ့မှစတင်၍ စက်တင်ဘာ (၁၉)ရက်နေ့ထိ (၃)ရက်တာကာလ သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)


