မိုးကောင်း  ၇  အောက်တိုဘာ

မိုးကောင်းမြို့နယ်၌        ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီး ဆုံးရှုံးမှုများအတွက် အရေးပေါ်ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ် သဘာဝဘေး ထောက်ပံ့ကြေးပေးအပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်လွင်က ထောက်ပံ့ရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမြင့်တို့က ထုံးရေပေါက်ကျေးရွာမှ တောင်သူ ၆ ဦးနှင့် နမ္မနကျေးရွာမှ တောင်သူ ၇ ဦးတို့အား တစ်ဧကလျှင် ကျပ်တစ်သောင်းနှုန်း စုစုပေါင်းဧက ၅၈ ဧကအတွက် ငွေကျပ် ၅၈၀၀၀၀ ကို တောင်သူ ၁၃ ဦးအား ပေးအပ်ခဲ့သည်။

ထိုသို့ ပေးအပ်ခြင်းသည် သဘာဘေးအန္တရာယ်ကြောင့် ပျက်စီးလယ်ယာမြေ ၃၁၆ ဧကအနက် ၂၅၈ ဧကအတွက် ၂၀၁၉ ခုနှစ် မေ ၉ ရက်တွင် ပေးအပ်ခဲ့ပြီး ကျန်ရှိနေသည့် ပျက်စီးလယ်မြေများအတွက် ထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး (ပြန်/ဆက်)