မိုးကောင်းမြို့နယ်၌ တုန်ဖုန်းယာဉ်နှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်စီးနင်းသူ သုံးဦး သေဆုံး

မိုးကောင်း ၂၄ မေ 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကညင်မြိုင်ကျေးရွာ၌ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က တုန်ဖုန်းယာဉ်နှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီးနင်းလာသူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုမှာ မိုးကောင်းမြို့နယ် ဆားမှော်-ကညင်မြိုင် ကျေးရွာချင်းဆက်လမ်းရှိ ကညင်မြိုင် ကျေးရွာ ဈေးအနီး၌ ကညင်မြိုင်ကျေးရွာနေ ကျော်လွင်ဦး(၃၄)နှစ် မောင်းနှင်လာသည့် တုန်ဖုန်း ခြောက်ဘီးယာဉ်သည် ဝဲဘက်ရှိဈေးလမ်းသို့ချိုးကွေ့စဉ် လားရာတူ မောင်းနှင်လာသည့် ထီးချိုင့်မြို့ နယ်၊ ချွန်းထောင်ကျေးရွာနေ ဦးမျိုးမြင့်(၄၅)နှစ် မောင်းနှင်ပြီး ဒေါ်မအေး(၄၆) နှစ်နှင့် လေးနှစ်အရွယ်မိန်းကလေး လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်ဖြင့်တိုက်မိခဲ့၍ ဆိုင်ကယ်စီးနင်းသူသုံးဦးစလုံး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်လွင်ဦးအား မိုးကောင်းမြို့မရဲစခန်းတွင် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)