မိုးကောင်း  ၁၀   ဇွန်


ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား စောင့်ကြပ်ကြည့်ရှုရန် ဖွင့်လှစ်အသုံးပြုခဲ့သည့် အထက(၂)စောင့်ကြည့်စင်တာကျောင်းဆောင်အား ဇွန် ၉ ရက် ညနေပိုင်းက ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတွင် စောင့်ကြည့်စင်တာဖွင့်လှစ်ကာ ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာ သူများအား ၂၁ ရက် စောင့်ကြပ်ကြည့်ရှုခဲ့သည်။


၂၀၂၀ ခုနှစ်၊ ဧပြီ ၁ ရက်မှ ဇွန် ၈ ရက်အထိ အထက(၂)စောင့်ကြည့်စင်တာသို့ တရုတ်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ၁၀၅ ဦး၊ ပြည်တွင်းမှပြန်လာသူ ၁၂ ဦး၊ စုစုပေါင်း ၁၁၇ ဦးအား စောင့်ကြပ်ကြည့်ရှုနိုင်ခဲ့ပြီး ကျောင်းများအချိန်နှင့်တစ်ပြေးညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ကျောင်းဆောင် များနှင့် ပတ်ဝန်းကျင်အား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ကာ မြို့နယ် ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုရေးဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မကြီးမှ အထက(၂)ကျောင်းယာယီတာဝန်ခံ ဆရာမဒေါ်ခင်မိုးထွန်းအား စနစ်တကျ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)