မိုးကောင်း ၂ မေ
ကချင်ပြည်နယ် မိုးကောင်းမြို့တွင် အဆင့်မြင့် “ဧရာ”ရုပ်ရှင်ရုံဖွင့်ပွဲ အခမ်းအနားကို မေ ၁ ရက် ညနေ၅နာရီက ဈေးကုန်းရပ်ကွက်ရှိ အဆိုပါရုပ်ရှင်ရုံရှေ့တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုယ်စား ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနေတိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ကချင်အနုပညာရှင်များအသင်းဥက္ကဋ္ဌ Lဇော်ဒိန်၊ ဧရာGroup နာယက ဒေါ်နန်းအေးခွမ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
“ကချင်ပြည်နယ်မှာ အဆင့်မြင့်ရုပ်ရှင်ရုံ(၃)ရုံရှိပါတယ်၊ မြစ်ကြီးနားမြို့မှာ ဧရာအဆင့်မြင့်ရုပ်ရှင်ရုံ၊ ဗန်းမော်မှာ စတားအဆင့်မြင့်ရုပ်ရှင်ရုံ၊ ယခု မိုးကောင်းမှာ ဧရာအဆင့်မြင့်ရုပ်ရှင်ရုံပါ၊ ပြသတဲ့စက်အမျိုးအစားက ဂျာမနီနိုင်ငံလုပ်(Vargo) အမျိုးအစားဖြစ်ပြီး အသံပိုင်းကတော့ Sround System ပတ်လည်စနစ်ပါ ထိုင်ခုံရယ် ပိတ်ကားရယ်ကတော့ ဟောင်ကောင်ကနေ တင်သွင်းထားတဲ့ ပစ္စည်းတွေဖြစ်ပါတယ် ၊ ပိတ်ကားက Silver Screen ဖြစ်တဲ့အတွက် ပိတ်ကားမှာပါတဲ့အပေါက်ကလေးတွေကနေ ပုံရိပ်တွေပြန်ဖော်ပေးလို့ ကြည့်ရှူသူတွေအနေနဲ့ ရုပ်ပုံတွေကို ကြွကြွလေးကြည့်ရှုခံစားရမှာပါ”ဟု ဧရာအဆင့်မြင့်ရုပ်ရှင်ရုံ တာဝန်ခံမန်နေဂျာ ကိုငြိမ်းချမ်းအောင်က ရှင်းလင်းဖြေကြားခဲ့သည်။
ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်တစ်ဦးကတော့ “အရင်ကဆိုရင် ရုပ်ရှင်ဇာတ်ကားတွေက အလှည့်ကျစနစ်နဲ့ဆိုတော့ မြို့ကြီးတွေမှာပြသပြီးမှ ကျွန်တော်တို့ဆီကိုရောက်တာ။ အခုတော့ ရုံပြိုင်စနစ်ဖြစ် သွားပြီဆိုတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ အသစ်ထွက်တဲ့ဇာတ်ကားတွေကို အချိန်နဲ့တစ်ပြေးညီတစ်ပြိုင်တည်း ကြည့်ရှုခွင့်ရပြီး အကယ်ဒမီရွေးချယ်ပွဲအတွက်လည်း ရင်ခုန်လို့ရပါပြီ”ဟုပြောကြားခဲ့သည်။
“ဧရာ”အဆင့်မြင့်ရုပ်ရှင်ရုံ(မိုးကောင်း)မှာ ရုပ်ရှင်ကြည့်ပရိသတ်တွေ အဆင်ပြေစေရန် ရုံဝင်ခနှုန်းထားများမှာ ကျပ်(၁၀ဝ၀)တန်း(၁၅)ခုံ ၊(၁၅၀ဝ)တန်း(၃၀)ခုံ၊ (၂၀ဝ၀)တန်း(၄၄)ခုံ၊ (၂၅၀ဝ)တန်း(၁၂၀)ခုံ၊ စုံတွဲ(၆၀ဝ၀)တန်း(၃၆)ခုံ စုစုပေါင်းရုံပြည့်(၂၄၅)ဦး ကြည့်ရှုနိုင်ကြောင်းနှင့် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အကယ်ဒမီနေတိုး ပါဝင်သရုပ်ဆောင်ထားသည့် ကမ္ဘာကျော်ရွာ ဇာတ်ကားအား အခမဲ့ပြသခဲ့ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ