မိုးကောင်း ၂၃ မေ
ကိုဗစ်-၁၉ ကာလတွင်း ပြည်သူများကျန်းမာရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း (Mask)များ မဖြစ်မနေ တပ်ဆင်ရေးမိုးကောင်းမြို့ ပြည်ထောင်စုလမ်းမ မြို့ဝင်မြို့ထွက်နှင့် မီးပွိုင့်လမ်းဆုံတို့၌ ယနေ့နံနက်(၉)နာရီခွဲတွင် ကြပ်မတ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ဖြစ်ပွားသူ (၂၀၀) ကျော်ရှိပြီဖြစ်သော်လည်း မြို့တွင်းရှိ ပြည်သူများက ပေါ့ဆ၍ အပြင်ထွက်ချိန်တွင် နှာခေါင်းစည်း တပ်ဆင်မှုမရှိဘဲ သွားလာနေခြင်းကြောင့် ရောဂါဖြစ်ပွားနိုင်သည့် အနေအထားဖြစ်သည့်အတွက် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်အရ နှာခေါင်းစည်းမတပ်ထားသည့် ပြည်သူများအားဝန်ထုတ်ဝန်ပိုးမဖြစ်စေသော နှုန်းထားဖြင့်ဒဏ်ရိုက်ပြီး Mask တပ်ဆင်ပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။
" နှာခေါင်းစည်းMaskနဲ့ ပတ်သက်ပြီး ဒေသန္တရအမိန့်တွေပေါ် ပြည်သူတွေလိုက်နာဖို့ရာ အမိန့် ထုတ်ပြန်ပြီး အချိန်မှာ မြို့နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ကနေ ပညာပေးဆောင်ရွက်တဲ့ လမ်းစဉ်ကို လည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။ မြို့နယ်(ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနဲ့ လုပ်ငန်းအကောင်အထည်ဖော်ရေးဆပ်ကော်မတီ(၁၀)ခုကနေတွေ့ဆုံပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ မေလ(၂၀)ရက်ကနေ(၂၂)ရက်နေ့ထိ (၃)ရက်တာကာလကို ပညာပေး စောင့်ကြည့်ကာလအနေနဲ့ နှာခေါင်းစည်းmask တပ်ဆင်ဖို့ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအဆင့်ဆင့်ကနေပြီးတော့ ပြည်သူများ သိရှိနိုင်ဖို့ အသံချဲ့စက်တွေနဲ့ အသိပေးဆော်ဩပြီးဖြစ်ပါတယ်။ " ဟု မိုးကောင်းမြို့နယ်Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း က ပြောကြားသည်။
အဆိုပါပြည်သူများအားဝန်ထုတ်ဝန်ပိုးမဖြစ်စေသော နှုန်းထားဖြင့်ဒဏ်ရိုက်ပြီး Mask တပ်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီမှစ၍ သက်ဆိုင်ရာဌာနများ၊ မြိုနယ်COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်း Volunteer များပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နှာခေါင်းစည်း mask မတပ်ဆင်မှုကြောင့် ဒဏ်ငွေ (၁၀၀၀) ကျပ် ဒဏ်ရိုက်၍ ရရှိလာသည့်ဒဏ်ငွေများကို ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)


