မိုးကောင်း ၂ ဖေဖော်ဝါရီ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အသက်(၂)နှစ်အောက် ကလေးများ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးမည့် အစီအစဉ်တစ်ရပ် ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံက ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ ခေတ္တမြိုနယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူနှင့်အတူ ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
ဆက်လက်၍ အသက်(၂)လ ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်တွင် ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် အသက်(၁၈)လ ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေးစတုတ္ထအကြိမ် (penta-4) ကာကွယ်ဆေးထိုးပေးခြင်း ဆောင်ရွက်မှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။
အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကုသရေးနှင့် ကျန်းမာရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ကလေးမိခင်များ တက်ရောက်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)