မိုးကောင်းပြီး အင်ဥရှာဖွေသူများလာ၍ စျေးနှုန်းကျဆင်း

၉ ဇွန်

 

ကသာမြို့နယ်တွင် အင်ကြင်းပင်ပေါက်ရောက်တောများ၌ မိုးရွာသွန်းမှု အားကောင်းလာသဖြင့် အင်ဥ (ခေါ်) မှိုဥ ရှာဖွေသူများ၍ စျေးနှုန်းကျဆင်းလာခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းအပေါ် ထိခိုက်လာလျက်ရှိကြောင်း သိရှိရသည်။

 

နှစ်စဉ် ရာသီပေါ် အင်ဥ (ခေါ်) မှိုဥများရရှိနေသော အင်ကြင်းပင်တောများ တောင်ယာတိုးချဲ့ခြင်း၊ အင်ပိုများ ခုတ်ယူခြင်းများလာခြင်းကြောင့် အင်တောများ ပျက်စီးလျော့နည်းလာခြင်းနှင့် အလုပ်လက်မဲ့ ပြေလည်စေရေး အင်ဥ ရှာဖွေသူများလာခြင်းရှိပြီး မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် တောင်ကျရေများလာသောကြောင့် အင်ဥ ရရှိမှုကျဆင်းလာခြင်းနှင့် စျေးနှုန်းကျဆင်းလာလျက်ရှိသည်။

 

ကသာမြို့နယ်မှာ ကျေးရွာအသီးသီးမှ ဒေသခံများရှာဖွေ၍ စျေးတွင်း လက်လီလက်ကား တစ်ပြည် နှစ်ပြည်နှင့် နို့ဆီဘူးများဖြင့် ခြင်တွယ်ရောင်းချကြတာ၊ ပေါ်ဦးပေါ်ဖျားအချိန်တုန်းကတော့ နို့ဆီတစ်ဘူးလျှင် ကျပ် ၁၀၀၀ စျေးရပြီး နောက်နှစ်ရက်သုံးရက်ကြာတော့ နို့ဆီတစ်ဘူး ကျပ် ၈၀၀ စျေးရောင်းရတယ်၊ ယခုရက်ပိုင်း မိုးစိတ်စိတ်ရွာလာတော့ စားဝတ်နေရေးအရ အပိုဝင်ငွေရရှိအောင် မိုးတောလေတောထဲမှာ မှိုဥ ရှာသူ တောတွင်းနေ့စဉ် လူအများအပြား အင်ဥ (ခ) မှိုဥ ရှာဖွေသူများလာတယ်။ စျေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် ကျပ် ၅၀၀ သာရရှိပြီး ဇွန်လ ၉ ရက်နေ့တွင် စျေးနှုန်းကျဆင်းလာတယ်ဟု အင်ဥ ရောင်းသူတစ်ဦးမှ ပြောပြခဲ့သည်။

 

ယခုအခါ ကသာမြို့နယ်တွင် အင်ဥများကို မန္တလေး၊ ရွေဘို၊ စစ်ကိုင်းမြို့များသို့ ဖြန့်ချိရောင်းချသူများ၊ အခြားသီးနှံများဖြင့် ရောနှော၍ ဝယ်ယူကြသူများ အဆင်ပြေကြသော်လည်း မိုးရွာသွန်းမှုအားကောင်းလာသဖြင့် အင်ဥရှာဖွေသူများလာ၍ စျေးနှုန်းကျဆင်းသဖြင့် တွက်ခြေမကိုက်လှကြောင်း သိရှိရသည်။

 

ငွေအိုး (ကသာ)