နေပြည်တော် ဩဂုတ် ၂၂

မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်ဒေသများအတွက် မြန်မာသံရုံး တိုကျိုမြို့မှတစ်ဆင့် တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးက လှူဒါန်းသည့် ဂျပန်ယန်း၊  နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရောက်မြန်မာ နိုင်ငံသားများ၊ မြန်မာသံရုံးများ၊ မိတ်ဖက်နိုင်ငံခြားကုမ္ပဏီများမှ လှူဒါန်းသည့် အလှူငွေ (နိုင်ငံခြားသုံးငွေ- ၅ မျိုး)နှင့်  မြန်မာကျပ်ငွေ လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် မျိုးထွဋ် နှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်း လင်းပြောကြားပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အလှူငွေများကို ပေးအပ်ရာ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယနေ့လှူဒါန်းပွဲတွင် မြန်မာသံရုံး တိုကျိုမြို့မှတစ်ဆင့် တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးက ဂျပန်ယန်း ၆၂၁၀၀၀ နှင့်ညီမျှသည့် မြန်မာငွေကျပ် ၉၃၁၅၀၀၀၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရှိ မြန်မာ သံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့မှ ဝန်ထမ်းများ၊ ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများက မြန်မာငွေကျပ်(၆) သိန်း နှင့် နိုင်ငံခြားငွေ(၅)မျိုးနှင့်ညီမျှသည့် မြန်မာငွေကျပ် ၈၃၅၁၄၀၀၀ လှူဒါန်းခဲ့သည်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်၊ ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာ အသိုင်းအဝိုင်းများမှ လှူဒါန်းထောက်ပံ့မှုများကို ဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင် ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့်   အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်