မြင့်စိုး(နတလ)
ငါရို့ချစ်တေမြို့စစ်တွေ
မေလ ၁၉ ရက်နေ့ ပထမတစ်ခေါက် ခရီးစဉ်၊ လေယာဉ်ပေါ်မှ မြင်ရသော စစ်တွေမြို့မြင်ကွင်းများက စိတ်ချမ်းမြေ့ဖွယ်ရာ တစ်စက်ကလေးမျှပင်မရှိ၊ အာရုံကို နောက်ကျိရှုပ်ထွေးသွားစေခဲ့သည်။ ဇွန်လ ၁၉ ရက်နေ့ စစ်တွေသို့ ထပ်မံရောက်ရှိခဲ့သော ဒုတိယတစ်ခေါက် ခရီးစဉ်၊ ယခင်အခြေအနေလောက် မဆိုးတော့။ အခြေအနေဟု ကျွန်တော်သုံးနှုန်းလိုက်ခြင်းမှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့ “မိုခါ” မုန်တိုင်းဝင်ရောက် မွှေနှောက်တိုက်ခတ်ပြီးစ အခြေအနေနှင့် တစ်လခန့်အကြာ ထပ်မံမြင်တွေ့ခွင့် ရခဲ့သောအခြေအနေနှစ်ခုကို ယှဉ်ကြည့်လိုက်ခြင်းဖြစ်၏။ မြို့သန့်ရှင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်ရနေပြီဖြစ်သလို ပတ်ဝန်းကျင် ကျေးရွာများ၌ စိုက်ပျိုးရေးလုပ်ငန်း ဆောင်တာများ စတင်နေကြပေပြီ။ ယခု ဇူလိုင်လ ၂၁ ရက်နေ့ ပြန်လည်ရောက်ရှိခဲ့သော တတိယတစ်ခေါက် ခရီးစဉ်ကမူ ပျောက်ဆုံးသွားသော စစ်တွေမြို့ကြီးကို ပြန်တွေ့လိုက်ရဘိအလား၊ စိတ်မှာ ကြည်နူးဝမ်းသာဖြစ်ရပါ၏။
၁၉၉၆ ခုနှစ်တွင် စတင်ရောက်ခဲ့ဖူးသော စစ်တွေ၊ ရခိုင်သားလေသံဖြင့် ပြောရလျှင် ငါရို့ချစ်တေ မြို့စစ်တွေ၊ အနှီစစ်တွေအပါအဝင် ရခိုင်ဒေသသို့ နတလဝန်ထမ်းဘဝဖြင့် အကြိမ်ပေါင်းများစွာ၊ အခေါက်ပေါင်းများစွာ ထပ်မံရောက်ခွင့်ကြုံခဲ့ပါသည်။ အငြိမ်းစားမယူမချင်း ၂၀၁၈ ခုနှစ်အထိဟု ဆိုကြပါစို့ရဲ့။ လောကာနန္ဒာ၊ အတုလမာရဇိန် ပြည်လုံးချမ်းသာ၊ လက်ဝဲသလုံးတော်၊ အဓိဋ္ဌာန်စေတီ အစရှိသောတန်ခိုးကြီးဘုရား များကို ဖူးမြော်သည်။ စစ်တွေပွိုင့်မှာ အေးအေးလူလူ အပန်းဖြေနားနေခွင့်ရခဲ့သည်။ ကမ်းခြေက သဲပုံစေတီပွဲဆင်နွှဲ နေသူများကိုလည်း အုန်းစိမ်းရည်လေး သောက်ရင်း ငေးခဲ့ဖူးသည်။ စစ်တွေမြို့ထဲက ဘဏ်နားတွင်ရောင်းသည်ဆိုသော နာမည်ကြီးဒေသအစားအစာ စာနာပါရာ မုန့်ကိုလည်း စားခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ ရင်းနှီးချစ်ခင်ခြင်း၊ သံယောဇဉ်ရှိခြင်းတို့နှင့် အသားကျနေသော စစ်တွေမြို့ကြီးသည် မိုခါမုန်တိုင်းတိုက်ခတ်အပြီး ကျွန်တော့်မြင်ကွင်းထဲမှ ခေတ္တခဏ ကွယ်ပျောက်သွားခဲ့သည်။ သို့သော်ငြားလည်း နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကြီးစွာ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင် ပြည်နယ်အစိုးရအဖွဲ့တို့၏ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီး၌ လာရောက် တာဝန်ထမ်းဆောင်ကြသော တပ်မတော် အရာရှိကြီးများအပါအဝင် လုပ်အားဒါန၊ ပစ္စည်းနှင့် ငွေအလှူဒါန ပေးလှူကြ သူများအားလုံး၏ ကြည်လင်ထက်သန်သော ဇောစေတနာတို့ကြောင့် စစ်တွေ မြို့ကြီးအပါအဝင် မြို့နယ်အသီးသီး၌ အချိန်တိုအတွင်း မူလအခြေအနေသို့ ရောက်လုနီးပါးဖြစ်နေကြောင်း တွေ့ရသည်။ မျှော်မှန်းထားသည်ကတော့ အရာ အားလုံးသည် မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်ရပေမည်။ ယခု လတ်တလောမှာပင် ကျွန်တော့်မြင်ကွင်းထဲက ခေတ္တခဏကွယ်ပျောက်သွားသော ငါရို့ချစ်တေ မြို့စစ်တွေကို ပြန်လည် တွေ့မြင်ခွင့်ရနေပြီ မဟုတ်ပါလား။
မင်းသားရွှေဘ မကြာမီလာပါတော့မည်
ငယ်စဉ်က ကြည့်ခဲ့ဖူးသော မင်းသားကြီးရွှေဘ၏ရုပ်ရှင်ကားများ၊ ကျွန်တော် အပါအဝင် တောကလူအများအပြားက ရွှေဘကို ကြိုက်ကြသည်။ ကြိုက်ကြပေမပေါ့၊ ရွှေဘဆိုတာက မြေရှင်ယာရှင် ဓနရှင်တွေကို အမြဲတော်လှန်ခဲ့သူ၊ ပစ္စည်းမဲ့လူတန်းစားများ၏ ကယ်တင် ရှင်၊ တောက ဖိုးတုတ်လိုဇာတ်ကားမျိုး ဆိုလျှင် အားပေးလိုက်ကြသည်မှာ လက်ခုပ်သံက တဖြောင်းဖြောင်း၊ အခက်အခဲ အကျဉ်းအကျပ်ထဲကျနေပြီဆိုလျှင် ရွှေဘလာကယ်မည်ကို ကြိုသိနေကြသည်။ လူဆိုးတွေနှင့် ယှဉ်ပြိုင်ထိုးသတ်နေလျှင်လည်း ရွှေဘနိုင်မှ သို့မဟုတ် ကတော့ လယ်ကွင်းထဲမှာ ထောင်ထားသော ပိတ်ကားခမျာ ပုစွန်ကျစ်စာ၊ ခဲစာ၊ ပြောင်းဖူးရိုးစာ မိပြီသာမှတ်။ ယခုလည်း ခေါင်းစဉ်တပ်ထားသည်က နယ်စပ် ရေးရာဝန်ကြီးဌာန၊ သို့သော်ငြားလည်း ယခုအချိန်အထိ နယ်စပ်ရေးရာဟူ၍ တစ်လုံးမျှမပါသေး၊ “မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ကျွန်တော်ဂုဏ်ပြု ဆောင်းပါးများ ရေးသားနေသည်မှာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအထိ ၁၁ ပုဒ် ရှိသွားခဲ့ပေပြီ။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနများက ကျန်နေဆဲ။ အဆိုပါ ဝန်ကြီးဌာနများနှင့်စပ်လျဉ်း၍ အားနာစွာဖြင့် ကျွန်တော်ပြောလိုသည်ကတော့ မင်းသားကြီးရွှေဘ မကြာမီလာပါတော့ မည်ဟူ၍သာ...။
နယ်စပ်ရေးရာဝန်ကြီးဌာနဆိုသည်မှာ
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသောဝန်ကြီးဌာနအဖြစ် အားလုံးသိထား ကြပြီးဖြစ်ပါသည်။ ဤသို့ဆိုလျှင် ရခိုင်ပြည်နယ်သည်လည်းပဲ နယ်စပ်ဒေသများထဲတွင် ပါဝင်နေသည့်အတွက် မိုခါမုန်တိုင်းမကျရောက်မီမှာ အချိန်ကာလ များစွာကတည်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အထူးပြောရန်ပင် မလိုတော့ပါ။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီ” တွင် လည်းကောင်း၊ “ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ” တွင် လည်းကောင်း ဥက္ကဋ္ဌတာဝန်ကို ယူထားရပါသည်။ ထိုထက်ပို၍ညွှန်းဆိုရလျှင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေးဗဟိုကော်မတီတွင်လည်း အတွင်း ရေးမှူးတာဝန် ထမ်းဆောင်နေပါသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အောက်ပါတို့ကို ထည့်သွင်းမိန့်ကြားခဲ့သည် -
“နယ်စပ်ဒေသ ဖွံ့ဖြိုးရေးသည် နိုင်ငံတော်နှင့်နိုင်ငံသားများ အားလုံးနှင့်သက်ဆိုင်ပြီး အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသားလူမျိုးများ အကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုတွေလည်း တိုးတက်လာမှာပဲ ဖြစ်ပါကြောင်း၊ တရားဥပဒေစိုးမိုး မှုနှင့် တည်ငြိမ်အေးချမ်းမှုရှိမှလည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင် ရွက်ပေးနိုင်မည်ဖြစ်ကြောင်း”
“တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက် သတိမူကြရမည်ဖြစ်ကြောင်း”
အထက်ပါ လမ်းညွှန်ချက်များနှင့်အညီ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း၌လည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသည်မှာ ၁၉၈၉ ခုနှစ်မှ ယနေ့ကာလ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိဖြစ်သည်။ ဆက်လက်၍လည်း ဆောင်ရွက်ပေးဦးမည်သာ။
မိုခါမုန်တိုင်းသင့်ကာလ ပါဝင်ဆောင်ရွက်မှုများ
ဆိုခဲ့သည့်အတိုင်း နတလဗဟို ကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများ၊ လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်နေသော နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်း မဖြစ်ပေါ်မီ အကြိုကာလများတွင် ပြင်ဆင်မှုများ ပြုလုပ်၍လည်းကောင်း မုန်တိုင်းဒဏ်ခံရပြီးနောက် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများတွင် ညှိနှိုင်းပေါင်းစပ်ပေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်၍လည်းကောင်း ထက်ထက်သန်သန် ကူညီဆောင်ရွက်ခဲ့သည်။
မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ထိခိုက်ပျက်စီးသွားသော ဆေးရုံ၊ ဆေးခန်း၊ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများ၊ သာသနိက အဆောက်အအုံများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ၊ လမ်း/တံတားများ၊ လူနေအိမ်များစသည်တို့ ပြန်လည် ပြုပြင်တည်ဆောက်ရန်အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ စီစဉ်လမ်းညွှန်မှုအရ လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့်လည်းကောင်း တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာခဲ့သည်။ ထိုအထဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ခုနစ်ပေသွပ် အချပ် ၁၀၀၀၀၊ ဘိလပ်မြေအိတ် ၃၀၀၀၊ သွပ်ရိုက်သံ/သံရိုက်သံ ၇၂၅ ပိဿာတို့ကို ပါဝင် လှူဒါန်းခဲ့သည်။ မုန်တိုင်းသင့်ဒေသများ တွင် လတ်တလောကြုံတွေ့ရသည့် အခက်အခဲမှာ စားရေးဖြစ်သည်။ ယင်းအခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပံ့မှုများ၊ အလှူရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လှူဒါန်းမှုများဖြင့် ဆန်နှင့် စားသောက်ဖွယ်ရာများ၊ သောက်ရေသန့်များ အစရှိသည်တို့ကို စစ်ရေယာဉ်မုတ္တမကဲ့သို့ တပ်မတော်ရေယာဉ်ကြီးများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရေယာဉ်နှင့် ပုဂ္ဂလိက ရေယာဉ်ကြီးများ၊ တပ်မတော်လေယာဉ်၊ မြန်မာ့လေကြောင်းမှ လေယာဉ်များ၊ ကုန်းလမ်းခရီးမှ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ ယင်းကဏ္ဍဖြင့်လည်း နယ်စပ်ရေးရာဝန်ကြီးဌာနက ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆန်အိတ် ၁၀၀၀၊ ဆီပိဿာ ၁၅၀၀၊ ဆား အိတ် ၃၀၊ ကုလားပဲပိဿာ ၃၀၀၀၊ ခေါက်ဆွဲ ခြောက်ဖာ ၂၀၀၀၊ သောက်ရေသန့်ကတ် ၂၅၀၀ လှူဒါန်းခဲ့ပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် ကွပ်ကဲဆောင်ရွက်
မုန်တိုင်းသင့် ဒေသများအားလုံးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ လာရောက်ကွပ်ကဲဆောင် ရွက်ကြသူများမှာ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့ ဖြစ်ကြသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးတို့က တပ်ပိုင်းဆိုင်ရာကွပ်ကဲမှုကို ဆောင်ရွက်ပေးသကဲ့သို့ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ပေးထားသော တပ်မတော် အရာရှိကြီး ၁၄ ဦးလည်း ရှိနေသည်။ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များ၊ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ စီမံဆောင်ရွက် မှုများဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများသည် မိမိတို့တာဝန် ယူထားရသော ဆပ်ကော်မတီများအလိုက် ဒေသခံပြည်သူများကို ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း လုပ်ငန်း များကအစ၊ နေထိုင်စားသောက်ရေးကိစ္စရပ်များကို တက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ သဘာဝဘေး ကြုံတွေ့လာချိန်တွင်လည်း အမိုးအကာ အောက်သို့ အမြန်ဆုံးရောက်ရှိရေး၊ ကယ်ဆယ်ကူညီထောက်ပံ့ရေးပစ္စည်းများ ဖြန့်ဝေပေးရေးလုပ်ငန်းများကို လတ်တလော စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။ သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးခဲ့သည်။
ယင်းလုပ်ငန်းများ ဆောင်ရွက်ရင်းဖြင့် အဓိကလုပ်ငန်းတာဝန်များဖြစ်သည့် ဆေးရုံ၊ ဆေးခန်းများကို အမြန်ဆုံး ပြန်လည်ပြုပြင်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန် ဆောင်ရွက်ပေးနိုင်ရေး၊ ဆက်သွယ်ရေး အော်ပရေတာများ ပြန်လည်ကောင်းမွန် ရေး၊ လျှပ်စစ်မီးများ ပြန်လည်ပို့လွှတ်ပေးနိုင်ရေး၊ သတ်မှတ်ကာလအမီ ကျောင်းများ၊ တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ သာသနိကအဆောက်အအုံများ တန်ခိုးကြီးဘုရားစေတီများ၊ ယဉ်ကျေးမှု အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး၊ လမ်း/တံတားများ ပြန်လည်ကောင်းမွန်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အထူးသဖြင့် မိုးစပါးရာသီအမီ စပါးမျိုးများနှင့် ထွန်ယက်စိုက်ပျိုးရေးကိစ္စ၊ သွင်းအားစုပံ့ပိုးပေးရေးကိစ္စများ အဆင်ပြေချောမွေ့စေရေး၊ တည်ဆောက်ရေး လုပ်ငန်းများတွင် လိုအပ်သောသစ်ခွဲသားများ အချိန်မီရောက်ရှိဖြန့်ဖြူးပေးနိုင်ရေး စသည်တို့ကို ကွပ်ကဲကြပ်မတ် ဆောင်ရွက်ခဲ့ကြသည်။ ကုလားတန် ဘက်စုံသုံးဆိပ်ကမ်းတွင် ကူညီကယ်ဆယ် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသော သင်္ဘောကြီးများ ဝင်/ ထွက်ဆိုက်ကပ်မှုများ အဆင်ပြေ/ မပြေ၊ ပစ္စည်းများ လျင်မြန်စွာ ချထားသယ်ယူနိုင်မှု ရှိ/ မရှိနှင့် သက်ဆိုင်ရာနေရာဒေသများသို့ အချိန်မီ ရောက်/ မရောက်ကိုလည်း မပြတ် ကြည့်ရှုစစ်ဆေးကြရပါသေးသည်။ ထိုလုပ်ငန်းများတွင် အဓိကအခန်း ကဏ္ဍ၌ ပါဝင်ထမ်းရွက်နေကြသော၊ တစ်နည်းအားဖြင့်ပြောရလျှင် လုပ်အားဒါနပြုနေကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း ချီးကျူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ၎င်းတို့သည် သင်္ဘောဆိပ်တွင် သာမက မြို့အလိုက်၊ မြို့နယ်အလိုက် ရှင်းလင်းရေး လုပ်ငန်းများတွင်လည်း နိစ္စဓူဝမိုးလင်းမိုးချုပ် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ မိုခါမုန်တိုင်းက သစ်ပင်ကြီး၊ ငယ်မဟူ အားလုံးကို ရသလောက် ဖြိုသွားခဲ့ပေရာ လဲကျခဲ့သောအချို့အပင်များမှာ အလွန်ကြီးမားသည်။ သာမန်ဓားများ၊ လွှများဖြင့် ဖြတ်တောက်ရှင်းလင်း ရန် မလွယ်ကူပါ၊ Chain Saw များ ကူရ သည်။ မကြာခဏလည်း ပျက်၏။ ထိုရှင်းလင်းရေးလုပ်ငန်းများတွင် အသုံးပြုရန် နယ်စပ်ရေးရာဝန်ကြီးဌာနက Chain Saw အလက် ၂၀ နှင့် မြက်ဖြတ် စက် ၁၀ လုံးကိုပါ ဝယ်ယူထောက်ပံ့ပေးခဲ့ ပါသည်။ ဌာနပိုင်ယာဉ်/ ယန္တရားများကိုလည်း ရှင်းလင်းရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်စေခဲ့သည်။
ရေသန့်စက်များပါဝင်လှူဒါန်း
မုန်တိုင်းသင့်ဒေသများတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သန့်ရှင်းသောသောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရေးအတွက် ရွေ့လျားရေသန့်ကားများ၊ ဆိုလာသုံး ရွေ့လျားရေသန့်စက်များ၊ Lite Straw ရေသန့်စက်များကို မြို့နယ်အလိုက် ကျေးရွာများသို့အရောက် ဖြန့်ခွဲပေးပို့ ဆောင်ရွက်ခဲ့သည်။ ထိုအထဲတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်လည်း ဆိုလာသုံးရွေ့လျားရေသန့်စက် ၁၀ စုံ၊ Lite Straw ရေသန့်စက် အလုံး ၂၀၀ တို့ ပါဝင်လှူဒါန်းပေးခဲ့ပြီး စာသင် ကျောင်းများတွင် ရေမော်တာများ ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းအပြင် ရခိုင်ပြည်နယ်အတွင်း ကျေးရွာများ၌ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကတည်းက တူးဖော်ပေးထားသော ရေကန်များ ပြန်လည်သန့်ရှင်းရေး၊ လက်တူးတွင်းများ၏ အမိုးအကာပြုပြင်ပေးရေးကိစ္စများကိုပါ ပြန်လည်ဆောင်ရွက်ပေးခဲ့သည်။
ဘုရား၊ စေတီနှင့် သာသနိကအဆောက်အအုံများပြုပြင်
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် စစ်တွေမြို့ လောကာနန္ဒာစေတီဝင်း အတွင်းရှိ မဟာဝေယန် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်ရန် ငွေကျပ် ၁၄၀ ဒသမ ၉၇၆ သန်း၊ လောကာနန္ဒာ စေတီတော်ဝင်းခြံစည်းရိုးနှင့်ရင်ပြင်တံတိုင်းပြုပြင်ရန် ငွေကျပ် ၁၁ ဒသမ ၁၃၁ သန်း၊ ရန်အောင်မြင် ဓာတုကိုးနဝင်း စေတီပြုပြင်ရန် ၂၄ ဒသမ ၄၂၈ သန်း၊ မြောက်ဘက်ကိုးနဝင်း ဓာတုဧစေတီ အဆောက်အအုံပြုပြင်ရန် ငွေကျပ် ၁၆ ဒသမ ၄၅၁ သန်း၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီး မြန်မာမှု လုပ်ငန်းများပြုပြင်ရန်အတွက် ငွေကျပ် ၆၁ ဒသမ ၇၅၀ သန်း၊ ရှင်ကလေးစေတီ ထီးတော်ပြုပြင်ရန် ငွေကျပ် ၆ ဒသမ ၃၀ သန်း၊ မဟာဇေယျသိဒ္ဓိစေတီသိမ်နှင့် ထီးတော်ပြုပြင်ရန် ငွေကျပ် ၁၂ ဒသမ ၂၆၀ သန်း၊ လက်ဝဲသလုံးတော် ဓာတ်စေတီ အဆောက်အအုံပြုပြင်ရန် ငွေကျပ် ၃ ဒသမ ၇၀၂ သန်း၊ အရှေ့ဘက် ကိုးနဝင်းဓာတုဧစေတီပြုပြင်ရန် ၁၀ ဒသမ ၄၀ သန်း၊ ရန်ပြေမာန်ပြေဘုရားကြီး သိမ်တော်ရွှေဆေး၊ ဆလိုက်မီးနှင့် ရေတိုင်ကီများပြုပြင်ရန် ငွေကျပ် ၈ ဒသမ ၁၀ သန်း၊ မောင်တောခရိုင် တောင်ပြိုလက်ဝဲ နံ့သာတောင်ဘုရား ကြီးရှိ ကျောင်းသားအိပ်ဆောင်ပြုပြင်ရန် ငွေကျပ် ၁၀ ဒသမ ၀၀ သန်း၊ ပုဏ္ဏားကျွန်း မြို့နယ် ဦးရာဇ်တော်မင်္ဂလာကြိုးတံတား ပေ ၃၂၀ ပြန်လည်ပြုပြင်ရန် ငွေကျပ်၅၉ ဒသမ ၉၂၆ သန်းတို့ကို ကျခံသုံးစွဲလှူဒါန်းခဲ့ပါသည်။ ၎င်းအပြင် ရှင်မာကုကာသီဒြယ် ဘုရားရှိခိုးကျောင်း၊ ဟိန္ဒူဘုရားကျောင်းတို့ ပြုပြင်တည်ဆောက်ရန်အတွက်လည်း အလှူငွေများပေးအပ်ခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်၍ ဦးရာဇ်တော်မင်္ဂလာ ကြိုးတံတား တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အထွေထွေလှူဒါန်းမှုများ
နယ်စပ်ရေးရာ ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ဆိုလာမီး အစုံ ၅၀၀၊ ဌာနဆိုင်ရာများနှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များအတွက် ဆိုလာမီး အစုံ ၁၅၀ လှူဒါန်းမှုအပြင် စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာအတွက်လည်း ငွေကျပ် သိန်း ၃၀ လှူဒါန်းထောက်ပံ့ပေးခဲ့သည်။
မိုခါအလွန်ကာလမှာ
မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် အချိန်ကာလတစ်ခုတွင် ပြီးဆုံးသွားပါလိမ့်မည်။ နယ်စပ်ရေးရာဝန်ကြီး ဌာနကဆောင်ရွက်နေသော နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းများကမူ ရခိုင်ပြည်နယ်အတွက် ဆက်၍ရှိမြဲရှိနေမည်သာ။ ယခုစတင် နေပြီဖြစ်သော ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် လုပ်ငန်းများထဲတွင် လမ်း/ တံတား လုပ်ငန်းများလည်းပါမည်။ တန်ဖိုးနည်း အိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းများလည်းပါမည်။ ပြီးလျှင် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများ၊ စက်မှုလက်မှုသင်တန်းကျောင်းဆိုင်ရာ ကိစ္စရပ်များ ပါဝင်နေပါလိမ့်မည်။ ထို့ပြင်တဝ နတလဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများလည်း ရှိနေပါဦးမည်။ စင်စစ်သော်ကား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရခိုင်ဒေသနှင့် နတလလုပ်ငန်းများသည် ခွဲခြား၍ မရစကောင်း၊ ၁၉၈၉-၁၉၉၀ ပြည့်နှစ် ကတည်းက ဆုံတွေ့ခဲ့ကြသည့် ရေစက် ဖြစ်သည်။ မိုခါအလွန်ကာလများ၌လည်း နယ်စပ်ရေးရာဝန်ကြီးဌာနသည် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေဦးမည်သာ………..။ ။