“မိုခါ” မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသပြန်လည်ထူထောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ (၁၆)

(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

 

မြင့်စိုး(နတလ)

 

ဝန်ကြီးဌာနမူဝါဒနှင့် ရည်မှန်းချက်

 

နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်တွေ့ကြုံလာရသည့်အခါတိုင်း ရှေ့တန်းကျကျ         မားမားမတ်မတ် ရပ်တည်ကာကွယ် စောင့်ရှောက်ပေးသော ဝန်ကြီးဌာနကို ပြောပါဆိုလျှင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ညွှန်ပြရပေလိမ့်မည်။ အဆိုပါဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို အဓိက တာဝန်ခံရသော ဌာနလည်းဖြစ်ပေသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ မူဝါဒ များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

(က) အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများဖြင့် ပြည်သူလူထု လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူ့ဂုဏ်သိက္ခာအပြည့်အဝရရှိနိုင်မည့် လူမှုအသိုက် အဝန်းတစ်ရပ် တည်ဆောက်ရန်။

 

( ခ ) ထိရောက်သောဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှု အသိုက်အဝန်း ဖြစ်ပေါ်လာစေရန်နှင့် ဘေးဒဏ်ခံစားရသောပြည်သူများ ပိုမို ကောင်းမွန်သည့် လူနေမှုဘဝရရှိရန်။

 

( ဂ ) ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ပြည်သူပြည်သားများအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှသည့် လူမှုစီးပွားဘဝ ရရှိ ခံစားစေရန်။

 

(ဃ) ပြည်သူလူထု၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး ဦးတည်ဆောင်ရွက်ရန်။

 

ဝန်ကြီးဌာန၏မျှော်မှန်းချက်မှာ “လူသား အားလုံးအကျုံးဝင်သော သာတူညီမျှရှိပြီး ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်ဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆောင်ရွက်ရန်နှင့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝဘေးအန္တရာယ်များမှ ခံနိုင်ရည်ရှိသည့် မြန်မာနိုင်ငံ ဖြစ်လာစေရန်” ဟူ၍ဖြစ်ပါသည်။

 

ဝန်ကြီးဌာန၏မူဝါဒများနှင့် မျှော်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် အောက်ပါဦးစီးဌာနများအား ဖွဲ့စည်းထားရှိပါသည်-

 

(က) လူမှုဝန်ထမ်းဦးစီးဌာန

(ခ) ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန

(ဂ) ပြန်လည်ထူထောင်ရေးဦးစီးဌာန

 

mdn

 

“မိုခါ” မဝင်ရောက်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများ

 

နိုင်ငံတော်အကြီးအကဲက ရခိုင်ပြည်နယ်အပြင် မုန်တိုင်းတိုက်ခတ် သက်ရောက်နိုင်ခြေရှိသော ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး စသည်တို့အတွက် လိုအပ်သည့်လမ်းညွှန်ချက်များပေးခဲ့သည်။

 

ရခိုင်ပြည်နယ်သို့ “မိုခါ” မုန်တိုင်းမဝင်ရောက်မီ ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့တွင် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် အရေးပေါ်အစည်းအဝေးကျင်းပ၍ လိုအပ်သည့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခဲ့သည်။ မေလ ၈ ရက်နေ့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန DMC ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထို့အတူ နယ်မြေအလိုက် ကြိုတင်ပြင်ဆင် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများအတွက် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

မေလ ၆ ရက်နေ့က ကျင်းပပြုလုပ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်များသည် အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များပင်ဖြစ်သည်။

 

ယင်းလမ်းညွှန်ချက်များထဲတွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ အရန်ဆန်ရိက္ခာများ သတ်မှတ်အရေအတွက်အတိုင်း ပေးပို့ထားရန်၊ ရေသန့်စင်သည့် စက်များ၊ ရေသန့်ဆေးများ၊ ကယ်ဆယ်ရေးပစ္စည်းများကို မုန်တိုင်းဘေးသင့်ဒေသများ၏ လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သလို ကြိုတင်ဖြန့်ခွဲပေးပို့ထားရန်၊ ရခိုင်ပြည်နယ်သို့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်နိုင်ရေးအတွက် ရန်ကုန်၊ မကွေး၊ ပြည် အစရှိသည့် ဒေသများရှိ သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နိုင်မည့် မော်တော်ယာဉ်စာရင်းများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာနသို့ ပြုစုပေးပို့ရန်၊ ကော်မတီအလိုက်လိုအပ်သည့် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးဆိုင်ရာလိုအပ်မည့် စက်ပစ္စည်းကိရိယာများ၊ အထောက်အကူပြုပစ္စည်းများကို ကြိုတင်စုစည်း ပြင်ဆင်စုဆောင်းစီမံထားကြရန်၊ နယ်မြေဒေသအလိုက် နေအိမ်များ၊ အများပိုင်အဆောက်အအုံများ၏ ကြံ့ခိုင်ရေးကို ကြိုတင်စိစစ် ပြင်ဆင်ဆောင်ရွက်ကြရန်၊ အရေးပေါ်ကာလအတွင်း စားရေရိက္ခာပြတ်လပ်မှုမရှိစေရေး ကြိုတင်တွက်ချက်၍ အစီအမံများတွင် ထည့်သွင်းရေးဆွဲရန်၊ စားသောက်ကုန်ပစ္စည်း သိုလှောင်ရာနေရာများ ပျက်စီးမှုဖြစ်ပြီး ပစ္စည်းပြတ်လပ်မှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများ မဖြစ်ပေါ်စေရေးအတွက် လိုအပ်သောပြောင်းရွှေ့မှုများ၊ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေး ကုန်သည်ကြီးများအသင်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများကို ညွှန်ကြားမှုပြုရန်ဟူသည့် လမ်းညွှန်ချက်များအပါအဝင် ကော်မတီအသီးသီးက လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ လုပ်ငန်းများစွာရှိခဲ့ပါသည်။

 

ဦးစီးဌာနများအကြောင်းတစေ့တစောင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများထဲမှ ဘေးစီမံဟု အတိုကောက်ခေါ်နေကြသည့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ သမိုင်းကြောင်းကို လေ့လာကြည့်မိသောအခါ မနေ့ တစ်နေ့ကမှ ဖွဲ့စည်းပေါ်ပေါက်လာသောဌာနမဟုတ်ကြောင်း သိခွင့်ရခဲ့ပါသည်။ ၁၉၄၅ ခုနှစ်ကတည်းက တစ်နည်းပြောရလျှင် ဂျပန်ခေတ်ကတည်းက လူမှုရေးရာနှင့် ပြန်လည်ထူထောင်ရေး ညွှန်ကြားရေးဝန်ရုံးအဖြစ် ဖွင့်လှစ်ထားရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။ ၁၉၄၈ ခုနှစ်တွင် ပညာရေး၊ လူမှုရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာနအဖြစ် လည်းကောင်း၊ ၁၉၅၁ ခုနှစ်တွင် ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအဖြစ်လည်းကောင်း၊ ၁၉၅၇ ခုနှစ်တွင် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ဝန်ကြီးဌာနအဖြစ်လည်းကောင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထိုမှ လူမှုဝန်ထမ်းဝန်ကြီးဌာနအောက်တွင် ၁၉၇၂ ခုနှစ်မှ ၁၉၉၂ ခုနှစ်အတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအဖြစ် ပါဝင်လာခဲ့ပြီး ၂၀၁၈ ခုနှစ်မှစ၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဖြစ်လာခဲ့သည်။ ဆိုရသော်…. ဘေးစီမံဦးစီးဌာနသည် သမိုင်းကြောင်း ရှည်လျားစွာ ရပ်တည်လာခဲ့သော ဦးစီးဌာနတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ တွေ့ရှိရပါသည်။

 

လူမှုဝန်ထမ်းဦးစီးဌာနကမူ ကျွန်တော်နှင့် မစိမ်းလှသလို ကျေးဇူးရှိခဲ့ဖူးသောဌာနအဖြစ် မှတ်ယူပါသည်။ ကျွန်တော့ရွာနားက လှော်ကထား အလကကျောင်းမှာ ၈ တန်းအောင်ခဲ့သည်။ ၉ တန်း၊ ၁၀ တန်းကို သူများတွေလို မြို့ကြီးပြကြီးများတွင် သွားမတက်နိုင်၊ တက်နိုင်အောင်လည်း ဘယ်မြို့မှာမှ အမျိုးအဆွေမရှိခဲ့။ အနီးဆုံးက လေးမျက်နှာမြို့၊ ထိုမြို့တွင် နေထိုင်ရန်မှာလည်း ပျံလွန်တော်မူသွားပြီဖြစ်သော ဘကြီးဘုန်းကြီး သီတင်းသုံးခဲ့ရာ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်းပင်ရှိသည်။

 

ထိုအချိန် ထိုကာလက လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာတွေ ဘာတွေခေတ်မစားသေး၊ ဘယ်သူမှမခေါ်ကြ၊ ဒက္ခိဏာရုံ ပရဟိတကျောင်းအဖြစ်သာ လူသိများခဲ့သည်။ ဤပရဟိတကျောင်းတွင် နှစ်နှစ် သွားရောက်နေထိုင်၍ လေးမျက်နှာမြို့ စတုမုခထူပါရုံစေတီတော်မြတ်ကြီးတည်ရှိရာ ဘုရားကြီးပိုင်းရှိ အထကကျောင်းတွင် တက်ရောက်ပညာသင်ခဲ့ရသည်။ ဆရာကြီး ဦးပညာလောက၊ ဆရာတော် ဦးဇောတိပါလတို့၏ လာဘ်လာဘများ၊ လူမှုဝန်ထမ်းဦးစီးဌာန၏ နှစ်စဉ်ထောက်ပံ့ပေးမှုများနှင့် ကျွန်တော်တို့ ကျောင်းသားအားလုံး ရှင်သန်ရပ်တည်ခဲ့ကြသည်။ ကျေးဇူးကြီးခဲ့ပါသည်။ ဆရာတော်များနှင့် လူမှုဝန်ထမ်းဦးစီးဌာန။ ပရဟိတကျောင်း၏ ကျေးဇူးက ထိုမျှမကသေးပါ၊ တိုင်းရင်းသား သူငယ်ချင်းများနှင့် အတူနေထိုင်ခွင့်ရခဲ့သဖြင့် ငယ်စဉ်ကပင် ရှမ်း၊ ပအိုဝ်း၊ ကယား၊ ကယန်းပဒေါင်၊ ကရင် အစရှိသော တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို သိမြင်လေ့လာခွင့်ရခဲ့သည်။ ထို့ပြင်တဝ ၉ တန်း၊ ၁၀ တန်း ကျောင်းသားများက ခေါင်းဆောင်၍ လယ်များကိုင်းများလုပ်ခဲ့ရသည်၊ ကျွဲ၊ နွားများနှင့် ထွန်ယက်သည့် ၁၉၇၅၊ ၁၉၇၆ ခုနှစ်များတွင် ထယ်နှင့် ထွန်ကိုမနိုင်သဖြင့် လယ်ထွန်ခြင်းအလုပ်ကို မလုပ်နိုင်ကြသည်မှလွဲ၍ ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ တမန်းနှိုးခြင်း၊ ကောက်ရိတ်၊ တလင်းနယ်၊ စပါးလှေ့ စသည့်အလုပ်များကို အားလုံးလုပ်ခဲ့ဖူးသည်။ ထွက်လာသည့် စပါးများကို ဆန်စက်သွားပို့၊ ကြိတ်ခွဲပြီး ရသည့်ဆန် များကို ပြန်ထမ်းကာ ကျောင်းက ဂိုဒေါင်ထဲထည့်၊ ထိုဆန်ကိုပင် ကျွန်တော်တို့ ဒယ်အိုးကြီးများနှင့် ချက်စားခဲ့ကြသည်များ၊ စပါးသိမ်းပြီး လယ်များထဲတွင် ဗိုလ်ကိတ်ပဲ၊ မတ်ပဲများ ဆက်စိုက်ခဲ့ရသည်များအားလုံး အမှတ်ရပါသည်။ ပရဟိတစိတ်ဓာတ်၊ ခေါင်းဆောင်မှု၊ လုပ်ငန်းအတွေ့အကြုံများ ရရှိခဲ့သော နေရာဌာနတစ်ခုဖြစ်ခဲ့သလို စစ်တက္ကသိုလ် ဗိုလ်လောင်းဖြစ်ခဲ့ခြင်းသည်လည်း ပရဟိတကျောင်း၏ ကျေးဇူးမကင်းဟု အမြဲမှတ်ယူခဲ့ပါသည်။ “မိုခါ” မှသည် လူမှုဝန်ထမ်းဦးစီးဌာနအကြောင်း စကား စပ်မိရင်းက ကျွန်တော်၏ ငယ်ဘဝအကြောင်းများကို ပြောပြမိနေပါပကော။ သည်းခံခွင့်လွှတ်တော်မူကြပါကုန်။

 

ဘဏ္ဍာငွေများရှာဖွေထိန်းသိမ်းဖြန့်ခွဲပေးလှူ

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏အောက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက တာဝန်ယူဆောင်ရွက်ရသော ကော်မတီတစ်ခုမှာ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းကော်မတီဖြစ်ပါသည်။ ယင်းကော်မတီအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတကာအကူအညီ အထောက်အပံ့များကို စနစ်တကျ လက်ခံရယူ ဖြန့်ဝေလှူဒါန်း ထောက်ပံ့ပေးသကဲ့သို့ ပြည်တွင်းမှ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများကိုလည်း လက်ခံရယူခဲ့ပါသည်။ ယင်းကော်မတီသို့ လှူဒါန်းသည့် နိုင်ငံတကာအလှူရှင်များထဲတွင် AHA Centre၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ အိန္ဒိယ နိုင်ငံအစိုးရ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ၊ အင်ဒိုနီးရှား နိုင်ငံအစိုးရ၊ သီရိလင်္ကာနိုင်ငံအစိုးရ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ ယူနန်အပြည်ပြည်ဆိုင်ရာ ချစ်ကြည်ရေး အသင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ တရုတ်နိုင်ငံသံရုံး၊ ထိုင်းနိုင်ငံတော်ဝင်မိသားစု၊ ထိုင်း ကြက်ခြေနီအသင်း၊ ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်း၊ ထိုင်းပုဂ္ဂလိကကုမ္ပဏီများ၊ ပါကစ္စတန်သံရုံး၊ Thai Red Cross Society (ထိုင်းနိုင်ငံ)၊ Board of Trade (ထိုင်းနိုင်ငံ)၊ PTT (ထိုင်းနိုင်ငံ)၊ Jelly Ohmmy Company (ထိုင်းနိုင်ငံ)၊ Sea Valued Company (ထိုင်းနိုင်ငံ)၊ ဦးဝမ်ကျားဟွာ DV Group (ကမ္ဘောဒီးယားနိုင်ငံ)၊ Global Pharma Healthcare PVT LTD (အိန္ဒိယနိုင်ငံ)၊ Siam Cement Group (ထိုင်းနိုင်ငံ)၊ Yunnan Commercial Represen-tative Office in Myanmar တို့ ပါဝင်ကြောင်း တွေ့ရသည်။

 

ASEAN – ERAT အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာ

 

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” မြန်မာနိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သွားပြီးနောက် အာဆီယံ အရေးပေါ် တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN – ERAT ) မှ အဖွဲ့ဝင် ၁၀ ဦး၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ERAT အဖွဲ့ဝင်လေးဦး စုစုပေါင်း ၁၄ ဦးတို့သည် ၂၀၂၃ ခုနှစ် မေလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့သို့ သွားရောက်၍ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ပြုလုပ်ရာတွင် မျက်မြင်လေ့လာခြင်း၊ အဖွဲ့လိုက်မေးမြန်းခြင်း၊ တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခြင်း၊ Secondary Data များကို လေ့လာခြင်းများပြုလုပ်၍ အစားအစာနှင့် အာဟာရ၊ အမိုးအကာနှင့် အစားအစာမဟုတ်သောပစ္စည်းများ၊ ရေနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အများပိုင်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်တို့ကို ဆန်းစစ်လေ့လာတင်ပြခဲ့ပါသည်။ ကာလလတ်နှင့် ကာလရှည် ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဟူ၍ ခွဲခြားဖော်ပြပေးခဲ့သည်။

 

PSS အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်

 

သဘာဝဘေးတစ်ခု ကျရောက်လာပြီဆိုလျှင် လူ၊ တိရစ္ဆာန်ထိခိုက်ဆုံးရှုံးမှု၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုတို့ကို အနည်းနှင့်အများ ကြုံကြရသည်။ ထိုသို့သော ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ကြရသည့် (ထိခိုက်လွယ်အုပ်စုဟု သတ်မှတ်ထားသည့်) ကလေးသူငယ်၊ အမျိုးသမီး ဦးဆောင်သူ၊ မသန်စွမ်းသူ၊ သက်ကြီးရွယ်အိုများ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ယင်းသို့သော စိတ်ပိုင်းဆိုင်ရာခံစားမှုများ လျော့နည်းပပျောက်စေရန် နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်လူမှုရေးပိုင်းဆိုင်ရာ ပံ့ပိုးကူညီခြင်း၊ လိုအပ်သည်တို့ ချိတ်ဆက်ဆောင်ရွက်ပေးခြင်း စသည်တို့အတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ အခန်းကဏ္ဍသည် အရေးကြီးသောနေရာမှ ပါဝင်ခဲ့၏။ လူမှုဝန်ထမ်းဦးစီးဌာနသည် “စိတ်လူမှုရေးပိုင်း ဆိုင်ရာ ပံ့ပိုးမှုအဖွဲ့ (Psycho Social Care and Support Team- PSS) အဖွဲ့များ ဖွဲ့စည်းကူညီ ဆောင်ရွက်ပေးခဲ့သည်။ ယင်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရသည့်ရည်ရွယ်ချက်မှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

 

(က) နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးခြင်းဖြင့် စိတ်ဖိစီးမှုများ၊ စိတ်ဒဏ်ရာများ၊ တဖြည်းဖြည်းလျော့နည်း ပပျောက်သွားစေရန်၊

 

( ခ ) သဘာဝဘေးဒဏ်သင့် ရပ်ကွက်၊ ကျေးရွာများသို့ မြေပြင်ကွင်းဆင်းသွားရောက် ဆောင်ရွက်ခြင်းဖြင့် ပကတိအခြေအနေမှန်နှင့် မှန်ကန်သည့်သတင်းအချက်အလက်များ၊ လိုအပ်သည့်ချိတ်ဆက်မှုများ မြန်ဆန်စွာဆောင်ရွက်နိုင်ရန်။

 

ရခိုင်ပြည်နယ် “မိုခါ” မုန်တိုင်းဒဏ်သင့်ဒေသ များအတွက် PSS အဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်းစေလွှတ် ဆောင်ရွက်ခဲ့ပါသည်-

 

(က)  ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူနိုင်နှင့် အဖွဲ့ဝင်များသည် ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၉ ရက်နေ့အထိ စစ်တွေမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လည်းကောင်း

 

(ခ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာနှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရသေ့တောင်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌လည်းကောင်း

 

(ဂ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှိုင်သဇင်ကျော်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျောက်တော် မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လည်းကောင်း

 

(ဃ) လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဦးနှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၁၃ ရက်နေ့မှ ၂၆ ရက်နေ့အထိ မြောက်ဦးမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု များ၌လည်းကောင်း

 

(င) ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၅ ရက် နေ့အထိ မင်းပြားမြို့နယ်ရပ်ကွက်၊ ကျေးရွာ အုပ်စုများ၌လည်းကောင်း

 

(စ) ဦးစီးအရာရှိ ဒေါ်အေးစန္ဒာလှိုင်နှင့် အဖွဲ့ဝင်များသည် ဇူလိုင်လ ၂၃ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ မြေပုံမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

 

mdn

 

ဂုဏ်ပြုဖော်ပြအပ်ပါသည်

 

၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် ရခိုင်ပြည်နယ် အတွင်း ဝင်ရောက်တိုက်ခတ်ခဲ့ရာ ပြည်နယ်အတွင်း ရှိ မြို့နယ် ၁၇ မြို့နယ်အနက် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့၌ ထိခိုက်ပျက်စီးမှုများပြားခဲ့သည်။ နိုင်ငံတော်အကြီးအကဲလမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု၊ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့၏ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မှု၊ မြို့နယ်အလိုက် တာဝန်ပေးထားသော တပ်မတော်အရာရှိကြီးများ၏ အနီးကပ်ကြပ်မတ် ဆောင်ရွက်မှု၊ လူမှုရေးအသင်းအဖွဲ့များ၏ စိတ်ရင်းစေတနာထက်သန်မှု၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ် အစရှိ သောဝန်ထမ်းများ၏ မွန်မြတ်သော ပေးဆပ်မှုတို့ဖြင့် အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သလို အချိန်ကာလတို အတွင်းမှာပင် မြို့နယ်အသီးသီး၌ မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကူညီ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ၊ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး နိုင်ခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အတူ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ကိုကိုနိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးနှင့် ဝန်ထမ်းများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ကျော်နှင့် ဝန်ထမ်းများသည်လည်း မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်များနှင့်အညီ ဝိုင်းဝန်းကြိုးပမ်း ထမ်းဆောင်ခဲ့ကြပါသည်။ ယင်းသို့ဆောင်ရွက်ခဲ့မှု များအတွက် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားသွေးချင်းများကလည်း အမြဲထာဝရကျေးဇူးတင်ဝမ်းမြောက် လျက်ရှိနေမည် ဖြစ်ပါကြောင်း ဂုဏ်ပြုရေးသား တင်ပြအပ်ပါသည်။          ။