နေပြည်တော်၊ မေ ၁၇

 

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေ့ ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက် ဆွေးနွေးကြသည်။

 

 

ဉီးစွာပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း လယ်ယာကဏ္ဍလုပ်ငန်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မြေပြင်စာရင်းမှန် အမြန်ဆုံး ကောက်ယူရန်နှင့် ယာယီ အဆောက်အအုံများ အသုံးပြုနိုင်ရေး၊ ဦးစားပေးအလိုက် အဆောက်အအုံများ ပြုပြင်မွမ်းမံမှု ဆောင်ရွက်နိုင်ရေး ၊ မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးမှုပမာဏ အနည်းငယ်သာရှိသော်လည်း မိုးရာသီစိုက်ပျိုးမည့်သီးနှံမျိုးစေ့များ ပျက်စီးမှုရှိနိုင်သဖြင့် လိုအပ်သောမျိုးစေ့များအချိန်မီ ဖြန့်ဖြူးနိုင်ရန် ကြိုတင်စီမံရေးနှင့် လယ်ယာလုပ်ငန်းခွင်တွင် စက်မှုလယ်ယာမှ လုပ်ဆောင်ပေးရန် လိုအပ်ပါက အသင့်ရှိရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ ယင်းအပြင် မိမိတို့ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့် မိသားစုများ၏ စားဝတ်နေရေးကိုလည်းကောင်း၊ ကျောင်းသားများအတွက် လိုအပ်သော ကျောင်းသုံး စာအုပ်များ ဝတ်စုံများထောက်ပံ့ပေးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် တင်ပြရမည့် စာရင်းဇယားများ အချက်အလက်များကို ချက်ချင်းစိစစ်တင်ပြကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး နှင့် အစည်းအဝေးတက်ရောက်လာကြသူများက နိုင်ငံတော်အစိုးရ၏ သဘာဝဘေးစီမံခန့်ခွဲရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဒေသဆိုင်ရာ အစိုးရများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ မုန်တိုင်းဒဏ်သင့် ဒေသများ၌ မိုးသီးနှံစိုက်ပျိုးရာတွင် လိုအပ်မည့် မျိုးစေ့များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြားတိုင်းဒေသကြီးများရှိ ဌာနပိုင်ခြံများ ပုဂ္ဂလိက မျိုးစေ့ထုတ်လုပ်ငန်းရှင်များက ကူညီပံ့ပိုးပေးသွားရန် ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းဖွင့် ရာသီတွင်  စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)ဖွင့်လှစ်ရန် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ စက်မှုလယ်ယာ စခန်များရှိ စက်ယန္တရားများ စွမ်းအားပြည့်အသုံးပြုနိုင်ရေးနှင့် လိုအပ်ချက်များ ကူညီမှုပေးနိုင်ရန်  စက်မှုလယ်ယာဦးစီးဌာန ရုံးချုပ်မှ ကျွမ်းကျင်သူများ စေလွှတ်ပေးသွားမည့် အစီအမံများ၊ ရေဘေး ကာကွယ်ရေးတာများ ထိခိုက်ပျက်စီးမှုနှင့် ဆည်ရေပေးဝေရေး အဆောက်အအုံများ ထိခိုက်ခဲ့မှု အခြေအနေများ၊ ကာလတိုအတွင်း မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးနှင့် မွေးမြူရေး တိရစ္ဆာန် သားပေါက်များရရှိရေး၊ တိရစ္ဆာန်အစာရရှိရေးအတွက် ပုဂ္ဂလိကမွေးမြူရေး လုပ်ငန်းရှင်များ၊ မွေးမြူရေးအသင်းအဖွဲ့များက ချိတ်ဆက်ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးပြီး သက်ဆိုင်ရာဒေသများသို့ တာဝန်ပေးစေလွှတ်မည့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို လုပ်ငန်းဆိုင်ရာကိစ္စရပ်များ အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)