ထက်မြတ်

(ဇွန် ၁၆ ရက်မှအဆက်)

ဒီလို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် ကြေညာပြီး မရှေးမနှောင်းမှာပဲ မေလ ၁၈ ရက် နေ့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့်အမှတ် ၃၄/၂၀၂၃ ကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်ရဲ့ အကြောင်းအရာကတော့ ကြေညာခဲ့ပြီးတဲ့ သဘာဝ ဘေးဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဒုတိယဗိုလ်ချုပ်ကြီးသုံးဦး၊ ဗိုလ်ချုပ်သုံးဦး၊ ဗိုလ်မှူးချုပ် ၁၂ ဦး ပါဝင်တဲ့ တပ်မတော်အရာရှိကြီးများ အဖွဲ့ကို သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ ဒေသအဖြစ် သတ်မှတ်ထားတဲ့ မြို့နယ် ၂၁ မြို့နယ်သို့ အဆိုပါဒေသမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ အနီးကပ်ကူညီပံ့ပိုး ပေါင်းစပ် ညှိနှိုင်းပေးနိုင်ရေးအတွက် တာဝန်ခွဲဝေ စေလွှတ်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။

အဲဒီတပ်မတော် အရာရှိကြီးတွေရဲ့ အထက်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်တို့က အနီးကပ်ကြီးကြပ်သွားဖို့ကိုလည်း အဆိုပါထုတ်ပြန်ချက်ထဲမှာ ပူးတွဲဖော်ပြထားပါတယ်။

အခုလိုမျိုး တပ်မတော်အရာရှိကြီးတွေကို မုန်တိုင်းဒဏ်သင့်ဒေသတွေဆီ စေလွှတ်ခြင်းက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပြည်သူလူထုလက်ဝယ်ကို အမြန်ဆုံးရောက်ရှိစေဖို့၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို ကူညီနိုင်ဖို့ စေလွှတ်ခဲ့ခြင်းသာဖြစ်ပါတယ်။

အလားတူ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုဝန်ကြီးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးတွေနဲ့အတူ မေလ ၁၈ ရက် နေ့နဲ့ ၁၉ ရက်နေ့တို့မှာ စစ်တွေ၊ ရသေ့တောင်၊ ကျောက်တော်မြို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ပြန်လည်ထူထောင် ရေးဆောင်ရွက်ရမယ့် လုပ်ငန်းတွေအပေါ် စီမံခန့်ခွဲမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် မုန်တိုင်းဒဏ်ကြောင့် ၎င်းဒေသရှိ တပ်ရင်း/တပ်ဖွဲ့တွေမှာလည်း ထိခိုက်ပျက်စီးခဲ့မှုတွေ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက မေလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တို့သို့လည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်က မေလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စစ်တွေ၊ ကျောက်ဖြူမြို့တို့ သို့လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက မေလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်တွေ၊ မြောက်ဦး၊  မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ကျောက်ဖြူမြို့နယ်တို့သို့လည်းကောင်း သွားရောက်ပြီး အဆောက်အအုံ ထိခိုက်ပျက်စီးမှုတွေ ပြန်လည်ပြင်ဆင်ဖို့အတွက် စီမံဆောင်ရွက်ခြင်း၊ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံအားပေးခြင်းတွေ ဆောင်ရွက်ခဲ့ပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆောင်တဲ့ အစိုးရအဖွဲ့က သဘာဝဘေးဒဏ်သင့် ဒေသတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ပြီးစလွယ်ဆောင်ရွက်ခြင်းမရှိဘဲ နယ်ပယ်အစုံ မကျန်ရလေအောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေဖို့ လုပ်ဆောင်ခဲ့တယ်ဆိုတာကို မြင်တွေ့ရပါတယ်။

ကနဦးစာရင်းကောက်ယူရေးကဏ္ဍ

ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှု အတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီရဲ့ အခန်းကဏ္ဍပါပဲ။

အဲဒီကော်မတီက သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးဆုံးရှုံးမှု လျှော့ချနိုင်ရေး အစီအစဉ်တွေကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ ချက်ချင်း၊ ကာလတို၊ ကာလလတ်နဲ့ ကာလရှည်စီမံကိန်းတွေ ရေးဆွဲနိုင်ဖို့အတွက် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်စေဖို့ ရည်ရွယ်ဖွဲ့စည်းထားတာပါ။
ကော်မတီက မုန်တိုင်းဝင်ရောက် တိုက်ခတ်မယ်ဆိုပြီး သတင်းအတိအကျ ရရှိတဲ့ မေလ ၉ ရက်နေ့ကတည်းက လုပ်ငန်းစီမံချက်တွေရေးဆွဲပြီး ရွေ့လျားအဖွဲ့ ခုနစ်ဖွဲ့နဲ့ စာရင်းပြုစုအစီရင်ခံရေးအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းကာ စစ်တွေ၊ ပုသိမ်၊ မကွေးနဲ့ ပဲခူးမြို့တို့ကို မုန်တိုင်းမဝင်မီ တစ်ရက်အလိုမှာ ရွေ့လျားအဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။

အဲဒီအဖွဲ့တွေဟာ ကောက်ယူရရှိတဲ့ အချက်အလက်တွေကနေ ပညာရေး၊ ကျန်းမာရေးနှင့် သာသနိက အဆောက်အအုံတွေအတွက် လိုအပ်တဲ့ သွပ်၊ သံ၊  သစ် အရေအတွက်နဲ့ တန်ဖိုးတွေစာရင်း၊ ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်တိုင်၊ ဆက်သွယ်ရေးတာဝါတိုင်တွေစာရင်းနဲ့ သေကျေပျက်စီးသွားတဲ့ တိရစ္ဆာန်တွေ၊ ငါးကန်၊ ပုစွန်ကန်တွေ ပျက်စီးမှုစာရင်း၊ အခြေခံအဆောက်အအုံ၊ ပိုင်ဆိုင်မှုပစ္စည်း (ကား၊ ဆိုင်ကယ်၊ စက်ဘီး စသဖြင့်) ပျက်စီးမှုစာရင်းနဲ့ လယ်ယာ၊ သားငါး ကဏ္ဍတို့ရဲ့ ပျက်စီးမှုစာရင်းတွေကို ပြုစုပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) သို့ နေ့စဉ် တင်ပြခဲ့ပါတယ်။

စာရင်းကောက်ယူရေးအဖွဲ့ ၁၇ ဖွဲ့ ဟာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းတွေကို နှစ်ကြိမ်ကောက်ခံခဲ့ပြီး အထက်မှာဖော်ပြခဲ့တဲ့ စာရင်းတွေက ဒုတိယအကြိမ် စနစ်တကျကောက်ခံရရှိတဲ့ စာရင်းတွေဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အချိန်နဲ့တစ်ပြေးညီ တင်ပြခဲ့ကြတာပါ။

အခုဆက်လက်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးမှု အခြေအနေတွေကို ကဏ္ဍအလိုက်ခွဲပြီး ဖော်ပြသွားပါမယ်။

ပညာရေးကဏ္ဍအတွက် ဆောင်ရွက်မှု

နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဟာ အခြေခံအုတ်မြစ်ဖြစ်တာကြောင့် အထူးပဲ အရေးကြီးလှပါတယ်။ ပညာတတ်တွေပေါများမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အပံ့ ကောင်းတွေဖြစ်စေမှာပါ။

ဒီအချက်ကို နိုင်ငံတော်အကြီးအကဲတွေက ကောင်းစွာသဘောပေါက်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားချက်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရေး” မူဝါဒကို အလေးထားပြီး ချမှတ် ဆောင်ရွက်ခဲ့တာပါ။

ဒီနှစ်ဆိုရင် ဇွန်လ ၁ ရက်နေ့ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းတွေဖွင့်လှစ်ဖို့ သတ်မှတ်ထားတာပါ။ ကလေးငယ်တွေ ပျော်ရွှင်စွာ စာသင်ယူနိုင်ရေးဆိုတာကလည်း သင်ကြားရေးလုပ်ငန်းကို အမိုးအကာအောက်မှာသာ ဆောင်ရွက်နိုင်မှဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်တိုက်ခတ်သွားချိန်မှာတော့ ပညာရေးဆိုင်ရာ အဆောက်အအုံတွေလည်း ပျက်စီးသွားခဲ့ရပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်သွားချိန်မှာ မိဘတွေနဲ့ ကျောင်းသားတွေ အထူးအစိုးရိမ်ဆုံး ကိစ္စကတော့ စာသင်ကျောင်းတွေ အချိန်မီ ပြန်မဖွင့်နိုင်မှာကိုပါပဲ။ သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲလေ။ ပျက်စီးသွားတဲ့ စာသင်ကျောင်းဆောင် တွေက နည်းမှမနည်းပဲ။

ပညာရေး အဆောက်အအုံတွေ ပျက်စီးမှုအရေအတွက်ကတော့ ဇွန်လ ၁၃ ရက်နေ့အထိ ကောက်ယူရရှိတဲ့  စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ မူလတန်းကျောင်းအဆောက်အအုံ ၅၉၆ လုံး၊ အလယ်တန်းကျောင်း အဆောက်အအုံ ၆၄၇ လုံး၊ အထက်တန်းကျောင်း အဆောက်အအုံ ၂၉၅ လုံး၊ အဆင့်မြင့် ပညာသင်ကျောင်း အဆောက်အအုံ ကိုးလုံးဖြစ်တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာတော့ ပညာရေး အဆောက်အအုံစုစုပေါင်း ၂၉ လုံး ပျက်စီးသွားပါတယ်။

ဒီလိုပျက်စီးသွားတဲ့ စာသင်ကျောင်းတွေဟာ အနာဂတ်ခေါင်းဆောင်လောင်းတွေ ပညာသင်ယူရာနေရာတွေဖြစ်တာကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဗဟိုဌာနမှ တာဝန်ရှိသူတွေ၊ ပြည်နယ်တွေက ကြီးကြပ်ရေးအဖွဲ့တွေဟာ ပြည်သူလူထု နဲ့အတူလက်တွဲပြီး စာသင်ကျောင်းတွေပြန်လည်ပြုပြင်တည်ဆောက်မှုတွေကို ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင်လို့ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပါတယ်။

အထူးသဖြင့် ကျောင်းဖွင့်ချိန်အမီ အမြန်ပြုပြင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းခွဲ ၂၉၅ ကျောင်းကို မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာမြို့ပြနှင့်အခြေခံ အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းနဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်မှာ ဆောင်ရွက်နေတဲ့ ဆောက်လုပ်ရေး ကန်ထရိုက်တာအဖွဲ့တွေက တာဝန်ကိုယ်စီခွဲဝေရယူပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ် မှုနဲ့ဆောင်ရွက်ခဲ့ရာ မေလ ၃၁ ရက်နေ့ အထိ ၅၁ ရာခိုင်နှုန်းပြီးစီးခဲ့ကာ ဇွန်လ ၁၄ ရက်နေ့အရောက်မှာတော့ ၇၆ ရာခိုင်နှုန်းပြီးစီးခဲ့ပြီဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့ရောက်ချိန်မှာ ပြင်ဆင်ဆောက်လုပ် ပြီးစီးသွားတဲ့ စာသင်ကျောင်းတွေမှာ ကျောင်းသားတွေက ပျော်ရွှင်စွာ ကျောင်းတက်လာကြသလို ပြုပြင်ဆဲနေရာတွေမှာ ကျောင်းတက်ရမယ့် သူတွေကိုလည်း အမိုးအကာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ အမိုးအကာရှိတဲ့ အဆောက်အအုံတွေမှာ ယာယီကျောင်းတက်နိုင်အောင် တာဝန်ရှိသူတွေက စီမံပေးနိုင်ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ အမိုးအကာ မရှိတဲ့အပြင် စာသင်ကျောင်းကလည်း ပြင်ဆင်ဆဲနေရာတွေမှာရှိတဲ့ ကျောင်းသားတွေအနေနဲ့ အချိန်မီ ကျောင်းတက် နိုင်ရေးအတွက် တာဝန်ရှိသူတွေက ယာယီအဆောက်အအုံတွေကို ပြင်ဆင် ဆောင်ရွက်ပေးခဲ့ပါသေးတယ်။

ဒါကြောင့် စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်မှုရာခိုင်နှုန်းက ရာနှုန်းပြည့် ရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားပါဘူး။
နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဇွန်လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းတွေမှာ တက်ရောက်သူ စုစုပေါင်း လေးသိန်းကျော်အထိ ရှိခဲ့တာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရပါတယ်။
အခုဆိုရင် ဇွန်လ ၁၄ ရက်နေ့အထိ စာရင်းတွေအရ ရခိုင်ပြည်နယ်ရှိ အခြေခံ ပညာကျောင်းတွေမှာ ကျောင်းအပ်နှံမှု ပမာဏက ၄၉၂၀၁၇ ဦးအထိရှိလာပြီး ကျောင်းတက်ရောက် ရာခိုင်နှုန်းက ၉၉ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိတာကိုလည်း တွေ့ရပါတယ်။

မုန်တိုင်းတိုက်ချိန်နဲ့ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့်အချိန်ကြားမှာ ပြန်လည်ပြင်ဆင် တည်ဆောက်ရေး လုပ်ငန်းအတွက် ရတဲ့အချိန်က အလွန်ပဲ တိုတောင်းလှပါတယ်။ ဒါကြောင့်လည်း ကျောင်းသားတွေအတွက် ကျောင်းမှဖွင့်နိုင်ပါ့မလားလို့ မိဘတွေက စိုးရိမ်ခဲ့ကြတာပါ။

အခုတော့ အဲဒီအချိန်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ မိဘတွေနဲ့ ကျောင်းသားတွေရဲ့ရင်ထဲက စိုးရိမ်ကြောင့်ကြမှုကြီးကို နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှန်ကန်တဲ့ လမ်းညွှန်မှုကြောင့် ပြည်သူလူထုအားနဲ့ ဖယ်ရှားတွန်းလှန်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ကျန်းမာရေးကဏ္ဍ

နိုင်ငံတစ်နိုင်ငံမှာ ပညာရေးကဏ္ဍပြီးရင် ကျန်းမာရေးကဏ္ဍကလည်း အလွန်အရေးကြီးတဲ့အထဲမှာ ပါပါတယ်။ လူတစ်ယောက် ကျန်းမာရေးမကောင်းရင် အိမ်သားတွေ စိတ်မချမ်းမသာ ဖြစ်ရသလို ငွေကုန်ကြေးကျမှုနဲ့ ဝမ်းနည်းပူဆွေးမှုတွေ ဖြစ်ပေါ်ကာ ကုန်ထုတ်လုပ်မှုလည်း လျော့နည်းကျဆင်းစေပါတယ်။ ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာရေးပြီးရင် ကျန်းမာရေးကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်နေတာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားတဲ့ ကာလတုန်းကဆိုရင် နိုင်ငံတော်ဝန်ကြီးချုပ် ချမှတ်ခဲ့တဲ့မူဝါဒက သိပ်ကိုရှင်းလင်းပြတ်သားပါတယ်။ အဲဒီမူဝါဒကတော့ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဆိုတဲ့ မူဝါဒပါပဲ။

အခုလည်း မုန်တိုင်းတိုက်ခတ်ပြီး ချိန်မှာ မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့် မလိုလားအပ်တဲ့ အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ဆောင်ရွက်မှုတွေကို တင်ပြပေးသွားပါမယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ဆေးရုံ၊ ဆေးခန်းတွေ၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ၅၀၇ လုံး ရှိပါတယ်။ ဒီထဲမှာမှ ဇွန်လ ၁၄ ရက်နေ့အထိ ပြန်လည်ပြင်ဆင် တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုရာခိုင်နှုန်းက ၆၀ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။

ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရေး လုပ်ဆောင်ပေးနေသူတွေကတော့ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာ မြို့ပြနှင့် အခြေခံအဆောက်အဦဖွံ့ဖြိုး ရေးလုပ်ငန်းရှင်များအသင်းနဲ့ အဆောက် အဦဦးစီးဌာနတို့ပါပဲ။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းတွေ အဖြစ် Disaster Kits အခု ၂၂၀၊ IHEK Kits ၁၁၄ ခု၊ Hygiene Kits အခု ၁၀၀၊ ရေသန့်ဆေးပြား ၂၂၂၈၀၀၀၊ ဓာတ်ဆား ထုပ် ၁၄၇၀၀၀၊ အားဆေး အပြား ၅၁၅၀၀၀၀၊ Life straw community water filter အလုံး ၂၀၊ အသက်ကယ် အင်္ကျီ အခု ၇၀၀၊ Emergency Light အခု ၉၀၀ နဲ့ အိမ်သာခွက်နဲ့ အိမ်သာပိုက် အခု ၃၀၀၀ အစရှိတဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေကို ပို့ဆောင်ပြီး ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ ပြည်သူလူထုကို ဖြန့်ဝေခြင်းလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

စစ်တွေမြို့ရှိ ဆေးရုံ၊ ဆေးခန်းတွေ၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက် အအုံတွေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ ၅၃ လုံးရှိတဲ့အနက်မှ ၁၈-၅-၂၀၂၃ ရက် မှ ၃-၆-၂၀၂၃ ရက်အထိပြင်ဆင်ပြီး ၁၆ လုံး၊ ပြင်ဆင်ဆဲ ၂၉ လုံးနဲ့ ပြင်ဆင်ရန် ကျန်ရှစ်လုံးရှိပါတယ်။

လက်ရှိမှာကိုပဲ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံတွေမှာ ဆေးရုံလုပ်ငန်းတွေ ပုံမှန်လည်ပတ်လျက်ရှိပြီး ခွဲစိတ်ကုသမှု လုပ်ငန်းတွေ၊ ပြင်ပလူနာ၊ အတွင်းလူနာတွေကို လက်ခံကုသပေးတာတွေကို လည်း ပုံမှန်အတိုင်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

အခုဆိုရင် မုန်တိုင်းစတင်တိုက်ခတ်တဲ့ မေလ ၁၄ ရက်နေ့မှ ဇွန်လ ၁၄ ရက် နေ့အထိ ပြင်ပလူနာ ၁၈၉၃၄ ဦး၊ အတွင်း လူနာစုစုပေါင်း ၃၅၀၁၄ ဦး၊ ဆေးရုံတက်လူနာ အသစ် ၁၃၇၁၇ ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုပေး နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေကို ကျေးရွာအရောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်တွေမှ အလျင်အမြန် တုံ့ပြန်ရေးအဖွဲ့ ၁၄ ဖွဲ့၊ အထူးကု ဆေးအဖွဲ့ ကိုးဖွဲ့၊ ဆေးကုသရေးအဖွဲ့ နှစ်ဖွဲ့နဲ့ တိုင်းရင်းဆေးကုသမှုအဖွဲ့တို့ကို စေလွှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု တွေ ဆောင်ရွက်ခဲ့ရာ မေလ ၁၆ ရက်နေ့ မှ ဇွန်လ ၁၄ ရက်နေ့အထိ ပြင်ပလူနာ ၈၀၂၁၃ ဦးကို ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

အလားတူ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို တစိုက်မတ်မတ် ဆောင်ရွက်ပေးလျက်ရှိတဲ့ တပ်မတော်သား ဆရာဝန်တွေ၊ ဆေးမှူးတွေဟာလည်း သဘာဝ ဘေးဒဏ်သင့်ခဲ့ရတဲ့ ဒေသတွေမှာ သွားရောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ရာမှာ တပ်မတော် အကြီးအကဲရဲ့လမ်းညွှန်မှုအရ သဘာဝဘေးဒဏ် မကျရောက်မီကတည်းက ကြိုတင်စုဖွဲ့စေလွှတ်ထားတဲ့ ကူညီကယ်ဆယ်ရေးယာဉ် အစုအဖွဲ့ရှိ တပ်မတော်သား ကျန်းမာရေးဝန်ထမ်း အစုအဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) လက်အောက်ခံဆေးဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးဆေးကုသရေးအဖွဲ့တို့ဟာ သဘာဝဘေးဒဏ် ကျရောက်ပြီးလျှင် ပြီးချင်းမှာပဲ ရပ်ကွက်၊ ကျေးရွာတွေဆီ အရောက်သွားပြီး လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ ပါတယ်။ 

အခုလို ကျန်းမာရေးစောင့်ရှောက်မှု တွေ ဆောင်ရွက်ရာမှာ မေလ ၁၇ ရက် နေ့ကနေ ဇွန်လ ၁၄ ရက်နေ့အထိ စုစုပေါင်း ဒေသခံပြည်သူ ၁၄၆၃၁ ဦးကို ဆေးကုသမှုဆိုင်ရာရောဂါ၊ ဝမ်းလျှော/ ဝမ်းပျက်ရောဂါ၊ ခွဲစိတ်ရောဂါ၊ ကလေး ရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ အရိုး ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားရောဂါ၊ ထိခိုက်ဒဏ်ရာနဲ့ အခြားရောဂါတို့နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်။

ကျန်းမာရေး တာဝန်ရှိသူတွေက ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုအနေနဲ့ မုန်တိုင်းကျရောက်ပြီးပါက ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါအပါအဝင် အခြားကူးစက်ရောဂါတွေ ဖြစ်ပွားမှုမရှိစေရေးအတွက် ရခိုင်ပြည်နယ်အတွင်း ရေတွင်းရေကန်ပေါင်း ၅၀၄၈ ခုမှာ ကလိုရင်းဆေးခတ်ခြင်း၊ သွေးလွန်တုပ်ကွေး ရောဂါအတွက် အဘိတ်ဆေးခတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။

ကျန်းမာရေးတာဝန်ရှိသူတွေက အခုလိုမျိုးတွေ ဆောင်ရွက်ပေးနေတဲ့ ကြားထဲက ဝမ်းပျက်ဝမ်းလျှောရောဂါက ဖြစ်ဖြစ်အောင် ဖြစ်လိုက်ပါသေးတယ်။ အကြောင်းရင်းကတော့ တာဝန်ရှိသူတွေရဲ့ သတိပေးချက်တွေကို လျစ်လျူရှုခြင်း ကြောင့်လို့ ပြောရမှာပါပဲ။

ဒီကာလဟာ သရက်သီးပေါ်ချိန် ဖြစ်တဲ့အတွက် မုန်တိုင်းသင့်ဒေသမှာရှိတဲ့ ပြည်သူတွေအနေနဲ့ သရက်သီးကို စားသုံးခြင်းမပြုဖို့ တာဝန်ရှိသူတွေက အကြိမ်ကြိမ်သတိပေးခဲ့ပါတယ်။

တာဝန်ရှိသူတွေရဲ့ သတိပေးမှုကို ပြည်သူအများအပြားက လိုက်နာသော်လည်း မလိုက်နာသူ လူနည်းစုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခဲ့တာတွေ့ရပါတယ်။

ဒါပေမဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ရောဂါတွေ ဖြစ်ပွားလာပါက အလျင်အမြန်သိရှိစေရေးအတွက် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုစနစ်ကို ဆောင်ရွက်လျက်ရှိတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါက ကပ်ရောဂါ အသွင်ဖြစ်ပွားမှုမရှိခဲ့တာဟာ ဝမ်းမြောက်ဖွယ်ရာပါပဲ။

(ဆက်လက်ဖော်ပြပါမည်)