ထက်မြတ်
(ယမန်နေ့မှအဆက်)
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မေလ ၁၆ ရက်နေ့ နောက်ပိုင်း သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် လာရောက်ပြသသူ ၈၁၅ ဦးရှိပြီး ဆေးရုံတက်ရောက် ကုသရသူ ၁၁ ဦးသာရှိပါတယ်။
ကျန်းမာရေးကဏ္ဍနဲ့ဆက်စပ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနရဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။
လူသားတိုင်းအတွက် သောက်သုံးရေက အရေးကြီးတဲ့အလျောက် မုန်တိုင်းတိုက်ခတ်ပြီဆိုရင် သောက်သုံးရေကန်တွေဟာ အမှိုက်တွေ၊ အပင်တွေ၊ တိရစ္ဆာန်အသေကောင်တွေ ကျရောက်ပြီး ပျက်စီးသွားလေ့ရှိပါတယ်။
ဒီလိုအခြေအနေတွေကနေ သောက်သုံးရေကန်တွေကို ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသူကတော့ နယ်စပ်ရေးရာဝန်ကြီးဌာနပါပဲ။
နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေဟာ ရခိုင်ပြည်နယ်အတွင်းရှိ သောက်သုံးရေကန် စုစုပေါင်း ၂၂၀ ထဲမှာကျရောက်နေတဲ့ အမှိုက်တွေ၊ သစ်ပင်ကြီးတွေ၊ တိရစ္ဆာန်အသေကောင်တွေ ဖယ်ရှားရှင်းလင်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒါ့အပြင် နောင်မှာအလားတူဖြစ်စဉ်မျိုး မဖြစ်ရလေအောင် ကန်ပေါင်တွေကိုလည်း အတိုင်းအတာ တစ်ခုအထိ မြှင့်တင်ပေးခဲ့ပါသေးတယ်။
နောက်တစ်ခုက သောက်ရေ၊ သုံးရေလိုအပ်ချက်ကို တပ်မတော်နဲ့ အရပ်ဘက်တို့က ရေသန့်ယာဉ်တွေ၊ ရွေ့လျားရေသန့်စက်တွေနဲ့ ဖြန့်ဖြူးဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ခဲ့သလို သုံးရေအတွက်လည်း ရေကားတွေနဲ့ ပို့ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။
ရေသန့်ထုတ်ယူ ဖြန့်ဖြူးပေးနိုင်မှုအပိုင်းနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ရေသန့်စင်ကားခြောက်စီးနဲ့ တစ်နာရီကို ရေသန့် စင်နှုန်း ဂါလန် ၅၀၀ မှ ၉၀၀ ကြား ထုတ်ယူဖြန့်ဖြူး ပေးလျက်ရှိရာ ဇွန်လ ၁ ရက်နေ့အထိ စုစုပေါင်း ရေသန့် ၃၀၄၉၁၉ ဂါလန်ကို ထုတ်ယူဖြန့်ဝေပေး နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ တပ်မတော်က စေလွှတ်ပေးထားတဲ့ တစ်နာရီကို ဂါလန် ၈၈၀ သန့်စင်ပေးနိုင်တဲ့ မော်တော်ယာဉ် သုံးစီး၊ ဂါလန် ၅၀၀ သန့်စင်ပေးနိုင်တဲ့ ယာဉ်နှစ်စီး၊ ဂါလန် ၄၀၀ သန့်စင်ပေးနိုင်တဲ့ ယာဉ်တစ်စီး စုစုပေါင်းယာဉ် ခြောက်စီးနဲ့ သောက်သုံးရေကို စစ်တွေ၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့တို့မှာ သန့်စင်ဖြန့်ဝေပေးနေပါတယ်။
ဒါ့အပြင် ရေသန့်ထွက်ရှိနှုန်း တစ်နာရီလျှင် ဂါလန် ၂၀၀ မှ ၃၀၀ ကြားရှိတဲ့ နေရောင်ခြည်စွမ်းအင် သုံး ရွေ့လျားရေသန့်စင်စနစ် သုံးစုံ အသုံးပြုကာ မေလ ၂၈ ရက်နေ့ကစပြီး ရေသန့်ဖြန့်ဝေခဲ့ရာ ဇွန်လ ၁ ရက်နေ့အထိ စုစုပေါင်းရေသန့်ဂါလန် ၂၆၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။
အဲဒီရေသန့်စက်တွေထဲကမှ Life Straw ရေသန့်စင်စက်တွေဆိုရင် လျှပ်စစ်ဓာတ်အား အသုံးပြုဖို့မလိုဘဲ ရွှေ့ပြောင်းသယ်ယူအသုံးပြုနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ ဒီစက်တွေက ချောင်းအတွင်းက သဘာဝရေကိုပင် ကောင်းစွာသန့်စင်ပေးနိုင်ပြီး ကြည်လင်သန့်ရှင်းတဲ့သောက်သုံးရေကို တစ်နာရီကို ၁၅ လီတာမှ လီတာ ၂၀ အထိ ထုတ်ပေးနိုင်တာကြောင့် စက်တစ်လုံးတည်းနဲ့တင် တစ်ရက်ကို လူဦးရေ ၁၀၀ အတွက် သောက်သုံးရေ လုံလောက်စွာ ထုတ်ပေးနိုင်စွမ်းရှိတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ အဲဒီရေသန့်စနစ် အလုံး ၂၁၀ ကို အသုံးပြုလျက်ရှိပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ပြီးနောက် အစိုးရနဲ့တာဝန်ရှိသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပြည်သူတစ်ယောက် အနေနဲ့ကြည့်ရင် အပြစ်ဆိုဖွယ်ရာမရှိအောင် အားရကျေနပ်မိပါတယ်။
စိုက်ပျိုးမွေးမြူရေးကဏ္ဍ
လူသားတွေအတွက် အရေးကြီးအခန်းကဏ္ဍ တစ်ခုဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုလည်း နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူတွေက မေ့လျော့ ထားခြင်းမရှိဘဲ ဆောင်ရွက်ခဲ့တာကိုတွေ့ရမှာပါ။
အင်အားပြင်းထန်စွာ တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် စိုက်ပျိုးရေး လုပ်ငန်းသုံး ကျွဲ၊ နွားတွေအပြင် မွေးမြူရေး တိရစ္ဆာန်တွေလည်း သေဆုံးခဲ့ပါသေးတယ်။
လက်ရှိအချိန်အထိ ကောက်ယူရရှိခဲ့တဲ့စာရင်းတွေအရ သေဆုံးသွားတဲ့ တိရစ္ဆာန်အကောင်ရေ တွေက ကျွဲ ၄၅၃၆ ကောင်၊ နွား ၁၀၆၁၃ ကောင်၊ ဝက် ၃၀၇၅ ကောင်၊ ကြက် ၁၄၇၇၅၂ ကောင်၊ ဘဲ ၉၁၉၄ ကောင်၊ ဆိတ်၊ သိုး၊ ငုံးအပါအဝင် တခြား တိရစ္ဆာန် ၂၇၅၃ ကောင် ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့က ခိုင်းကျွဲတစ်ကောင်ကို ၁၅ သိန်းနှုန်းနဲ့ ကျွဲကောင်ရေ ၁၁၆ ကောင်ကို ကနဦး ဝယ်ယူဖြည့်တင်းပေးသွားဖို့ စီစဉ်ထားပါတယ်။
ဒါ့အပြင် ဒီခေတ်ဒီကာလဟာ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ပြောင်းလဲလာတဲ့ခေတ်ဖြစ်တာကြောင့် စပါးစိုက်ပျိုးနိုင်ဖို့ လယ်ထွန်ဖို့အတွက် ထွန်စက်တွေလိုအပ်ပါတယ်။
ဒီအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ တာဝန်ရှိသူတွေက လယ်ထွန်စက်တွေကိုပေးပို့ခဲ့ရာ စက်မှုလယ်ယာ ဌာနက လယ်ထွန်စက် ၃၃ စီး ဇွန်လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပြည်နယ် အတွင်းမှာ ယခင်ကျန်ရှိတဲ့ ထွန်စက် ၄၇ စီးနဲ့ ပေါင်းလိုက်ရင် စုစုပေါင်းထွန်စက် အစီး ၈၀ အထိ ရှိလာပါပြီ။ လယ်ထွန်စက်တစ်စီးရဲ့ လုပ်ဆောင်နိုင် စွမ်းက တစ်ရာသီမှာ အနည်းဆုံး လယ်ဧက ၂၂၀ ကို ထွန်ယက်ပေးနိုင်မှာဖြစ်လို့ စစ်တွေ မြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ မောင်တောမြို့နယ်တို့မှာရှိတဲ့ လယ်တွေအတွက်ထွန်ယက်ခြင်းလုပ်ငန်းအပေါ် အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက လယ်မြေတွေထဲကို ပင်လယ်ရေငန်တွေ မဝင်ရောက်နိုင်အောင် တားဆီးကာကွယ် ပေးထားတဲ့ ရေငန်တားတာတွေ ကျိုးပေါက်မှုအခြေ အနေဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ရေငန်တားတာ ၃၂ ခုရှိတဲ့အနက် ရေကျော်တိုက်စားတာနဲ့ ကျိုးပေါက်တာဖြစ်ပေါ်ခဲ့တဲ့ ရေငန်တားတာ လေးခုရှိပါတယ်။
အဲဒီရေငန်တားတာလေးခုကို စက်ယန္တရား ၁၇ စီးနဲ့ ပြင်ဆင်ဆောင်ရွက်ခဲ့ရာ အခုဆိုရင် တာလေးခုစလုံး ၁၀၀ ရာခိုင်နှုန်း ပြန်လည်ကောင်းမွန်သွားပါပြီ။
ကျိုးပေါက်လို့ ပြန်လည်ပြင်ဆင်ပေးလိုက်ရတဲ့ ရေငန်တားတာလေးခုရဲ့ အရှည်စုစုပေါင်းက မိုင်ပေါင်း ၄၄ ဒသမ ၇၂ မိုင်ဖြစ်ပြီး ရေငန်ကာကွယ် ပေးနိုင်တဲ့ဧရိယာက ၁၇၇၀၆ ဧက ရှိပါတယ်။
အသားတိုးကြက်နဲ့ ဥစားကြက်မျိုးတွေကိုတော့ ရန်ကုန်နဲ့ တောင်ကြီးမြို့တို့က ဝယ်ယူဖြည့်တင်း သွားမှာဖြစ်သလို ဝက်မျိုးတွေကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတို့ကနေ ဝယ်ယူဖြည့်တင်းပေးသွားမှာပါ။
ဒါ့အပြင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)က တာဝန်ရှိသူတွေပါဝင်တဲ့ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့နဲ့ မုန်တိုင်းဒဏ်သင့်ဒေသတွေမှ သက်ဆိုင်ရာမြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေက တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ဆေးကုသမှု လုပ်ငန်းတွေကို ကွင်းဆင်းဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။
ဒီလိုကွင်းဆင်းဆောင်ရွက်ရာမှာ မေလ၂၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ ကျွဲ၊ နွား ၃၂၄၃ ကောင်ကို လည်ချောင်းကွဲရောဂါနဲ့ ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ဝက်အကောင် ၆၀ ကို ဝက်ပလိပ်ရောဂါနဲ့ ဝက်ဝမ်းကျရောဂါ ကာကွယ် ဆေးထိုးခြင်းတို့အပြင် ထိခိုက်ဒဏ်ရာရပြီး နာမကျန်းဖြစ်နေတဲ့ ကျွဲ၊ နွား ၅၆၇ ကောင်၊ ဝက် ၆၉ ကောင်နဲ့ ဆိတ် ၁၀ ကောင်တို့ကို ဆေးကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ချိန်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ငါးကန်တွေ ပျက်စီးမှုမရှိဘဲ ပုစွန်မွေးမြူရေးကန် ၃၉၁၉၅ ဒသမ ၅၉ ဧကနဲ့ ကဏန်းမွေးမြူရေးကန် ၂၁၈ ဒသမ ၂၈ ဧက ပျက်စီးကာ ကျပ်သန်းပေါင်း ၁၃၆၁၈ ဒသမ ၈၁ သန်း ဆုံးရှုံးခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ပုစွန်သားဖောက်စခန်း သုံးခုရှိပြီး အဲဒီကနေ ပုစွန်သားပေါက်တွေကို ပံ့ပိုးပေး သွားနိုင်ပါတယ်။ ပျက်စီးသွားတဲ့ ကဏန်းကန်တွေကလည်း သဘာဝကတစ်ဆင့် စုဆောင်းရရှိတဲ့ ကဏန်းတွေကို ကဏန်းပျော့အဖြစ် မွေးမြူတဲ့ကန်တွေ ဖြစ်တာကြောင့် အခုဆိုရင် ပြန်လည်ပြင်ဆင် ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါပြီ။
အခုလိုမျိုး မုန်တိုင်းဝင်ရောက်လို့ လယ်ယာမြေ တွေပျက်စီးသွားတဲ့အတွက် အဲဒီဒေသတွေမှာ နေထိုင်သူတွေ ထမင်းငတ်တော့မှာပဲလို့ မထင်လိုက်ပါနဲ့။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်သူတွေတစ်ယောက်မှ ထမင်းမငတ်အောင် ကြိုတင်စီစဉ်ဆောင်ရွက်ပေးထားတာကို တွေ့ရပါတယ်။
စားသုံးသူရေးရာဦးစီးဌာနက နိုင်ငံတော် အရန်ဆန် တန်ချိန် ၁၀၀၀၀ (ဆန်အိတ် နှစ်သိန်း) ကို အမြန်ဆုံးဝယ်ယူစုဆောင်းထားရှိခဲ့ပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးဦးစီးဌာနက မုန်တိုင်းဝင်ရောက်ပြီးနောက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်လာရင် ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်စေဖို့အတွက် ဆန်အရန်ရိက္ခာ တင်း ၄၆၀၆၀၊ မျိုးစပါး ၁၀၄၄၃၈ တင်း၊ သီးနှံမျိုးစေ့၊ နေကြာ၊ ပဲတီစိမ်း၊ နှမ်း စုစုပေါင်း တင်း ၅၅၇၂၀၊ ဝါ ပိဿာ ၁၂၀၀၀၀၊ ဓာတ်မြေဩဇာအိတ် ၄၂၈၀၀၊ သီးနှံ သိုလှောင်ရုံ ၁၅၃ ရုံ ပြင်ဆင်ထားခဲ့ပါတယ်။
ဒါကြောင့် စိုက်ပျိုးမွေးမြူရေးနဲ့ပတ်သက်လာရင် ပြည်သူတစ်ဦးတစ်ယောက်မှ ထမင်းမငတ်စေရဘူးဆိုတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စေတနာကို အခုလိုအချိန်မှာ သိသိသာသာ မြင်တွေ့လိုက်ရတာဟာ ကျွန်တော့်အတွက်တော့ နှလုံးပီတိဂွမ်းဆီထိဆိုသလိုပါပဲ။
ဒါ့အပြင် မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ စားသောက်ရေး အဆင်ပြေစေဖို့နဲ့ မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းတွေကို ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးတို့အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားတွေနဲ့ တာဝန်ရှိသူတွေက ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အခြေခံလူသုံးကုန်ပစ္စည်းတွေ၊ တပ်မတော် စက်ရုံတွေ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကထုတ်လုပ်တဲ့ ခေါက်ဆွဲခြောက်၊ ဘီစကွတ်နဲ့ စည်သွတ်ဘူးတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ စားကုန်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ပြင်ပပေါက်ဈေးထက် သက်သာတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပေးခဲ့ပါသေးတယ်။
ဒီလိုရောင်းချပေးတာကြောင့် ဒေသခံပြည်သူတွေနဲ့ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေက တစ်ခဲနက် ဝယ်ယူခဲ့ကြတဲ့အပြင် အခုလို စားရေး၊ သောက်ရေး အခက်အခဲဖြစ်ပေါ်နေတဲ့အချိန်မှာ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးမှုအပေါ် ကျေးဇူးအထူး တင်ကြတယ်လို့လည်း သိရပါတယ်။
အဲဒီလိုရောင်းချပေးမှုကနေ မေလ ၂၁ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့အထိ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၄၃၃ သိန်းကျော် တန်ဖိုးရှိတဲ့ စားသောက်ကုန် ပစ္စည်းတွေ၊ အခြေခံလူသုံးကုန်ပစ္စည်းတွေ၊ ပြန်လည်ထူထောင်ရေး အသုံးအဆောင်ပစ္စည်းတွေကို ရောင်းချပေးနိုင်ခဲ့ပါတယ်။
ဒီငွေကြေးပမာဏကိုကြည့်မယ်ဆိုရင် မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် များစွာသော သက်သာမှုဖြစ်ပေါ်စေခဲ့တယ်ဆိုတာကို အတိုင်းသား မြင်တွေ့နိုင်မှာပါ။
ဆက်သွယ်ရေးကဏ္ဍ
မုန်တိုင်းတိုက်ခတ်ချိန်နဲ့ မုန်တိုင်းတိုက်ခတ် ပြီးနောက် အရေးအကြီးဆုံး လိုအပ်ချက်တစ်ခုကတော့ ဆက်သွယ်ရေးပဲ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ကောင်းမှသာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီလုပ်နိုင်မှာပါ။
ဆက်သွယ်ရေးမကောင်းရင် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းတွေကို အချိန်မီမလုပ်နိုင်တဲ့အတွက် လူသေဆုံးမှုနှုန်းလည်း မြင့်တက်လာနိုင်ပါတယ်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့မှာရှိတဲ့ မီတာ ၁၀၀ အမြင့်ရှိ ထပ်ဆင့်လွှင့်ဆက်သွယ်ရေး တာဝါတိုင်ကြီးတစ်တိုင် လဲကျသွားတဲ့ဗီဒီယိုဖိုင်ကို အွန်လိုင်းပေါ်ကနေ တွေ့လိုက်ရပါတယ်။
ဒါဟာ အွန်လိုင်းပေါ်မှာ မြင်တွေ့လိုက်ရတဲ့ ဗီဒီယိုပဲရှိပါသေးတယ်။ အွန်လိုင်းပေါ်မတက်လာဘဲ လဲကျသွားတဲ့ ဆက်သွယ်ရေးတာဝါတိုင်ကြီးတွေ လည်းရှိပါတယ်။ စစ်တွေမြို့ပေါ်မှာပဲ မီတာ ၆၀ အမြင့်ရှိတဲ့ ရုပ်သံထပ်ဆင့်လွှင့်စက် တာဝါတိုင်ဟာလည်း ပြိုလဲခဲ့ရလို့ ဆက်သွယ်မှုရော ရုပ်မြင်သံကြားပါ ပြတ်တောက်ခဲ့ရပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးအော်ပရေတာ လေးခုရဲ့ မိုဘိုင်းစခန်း ၁၂၃၃ ခုရှိတဲ့အနက် မုန်တိုင်း တိုက်ခတ်မှုကြောင့် မိုဘိုင်းစခန်း ၉၀၄ ခု ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး စခန်း ၃၂၉ ခုနဲ့သာ ဝန်ဆောင် မှုပေးခဲ့နိုင်ပါတယ်။
ဒီနေရာမှာ ဆက်သွယ်ရေးပြန်လည်ရရှိဖို့အတွက် တာဝန်ရှိသူတွေရဲ့ စွမ်းဆောင်ရည်က အံ့မခန်းလောက်စရာပါပဲ။ ဘာကြောင့်လဲဆိုရင် နေ့လယ်ပိုင်းမှာ မုန်တိုင်းဝင်သွားတယ်။ ညနေပိုင်း ကျတော့ ဆက်သွယ်ရေးရအောင် ဆောင်ရွက်ပေး နိုင်တဲ့အတွက်ပါပဲ။
အထူးသဖြင့် Satellite Terminal (B2B) တွေကို စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့နဲ့ ပေါက်တောမြို့တို့အပြင် ချင်း ပြည်နယ်တို့ကိုပါ ပို့ဆောင်တပ်ဆင်စေပြီး တစ်မြို့ကို ဖုန်းလိုင်းလေးလိုင်းနဲ့ ဆက်သွယ်ခေါ်ဆို ရရှိနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါတင်မကသေးပါဘူး။ ရွေ့လျားမိုဘိုင်းယာဉ် ငါးစီးကို မုန်တိုင်းဝင်ရောက်မယ့်ဒေသတွေမှာ ကြိုတင်ပို့ဆောင်ထားခဲ့တဲ့အတွက် မုန်တိုင်း ဝင်ရောက်ပြီးချိန်မှာ အရေးပေါ်ဆက်သွယ်မှု ကွန်ရက်ကို ရရှိခဲ့ပါသေးတယ်။
မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် မေလ ၁၅ ရက်နေ့မှစပြီး မုန်တိုင်းကြောင့် ဆက်သွယ်မှု ပြတ်တောက်ခဲ့တဲ့ မိုဘိုင်းရေဒီယိုဆက်သွယ်ရေး စခန်းတွေကို တာဝန်ရှိသူတွေနဲ့အတူ သက်ဆိုင်ရာ ဆက်သွယ်ရေးအော်ပရေတာတွေက လူအင်အား စုစုပေါင်း ၄၂၂ ဦးနဲ့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။
ဒါကြောင့် မိုဘိုင်းစခန်းပေါင်း ၁၂၃၃ ခုအနက် ၁၂၂၁ ခုဟာ ဇွန်လ ၁၄ ရက်နေ့မှာ ပုံမှန်လုပ်ငန်းတွေ ကို အပြည့်အဝလုပ်ဆောင်နိုင်ပြီဖြစ်သလို ကျန်ရှိတဲ့ စခန်း ၁၂ ခုကိုလည်း အမြန်ဆုံးပြင်ဆင်ဆောင်ရွက် နေပါတယ်။
နောက်တစ်ခုက လမ်းပန်းဆက်သွယ်ရေးပါ။ မုန်တိုင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် လမ်းပန်းဆက်သွယ်ရေးကလည်း အလွန်အရေးကြီး ပါတယ်။
ဒီအတွက်ကြောင့် နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ယန္တရား ၂၁၉၁ စီးအထိနဲ့ တံတားတွေပျက်စီးပါက ဘေလီတံတားတွေ အလျင်အမြန် တည်ဆောက်နိုင်ဖို့ ဘေလီသံပေါင်နဲ့ ဆက်စပ် ပစ္စည်းတွေကို ကြိုတင်စုဖွဲ့ထားရှိခဲ့ပါတယ်။
အဲဒီနောက် မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်တွေ-ပလ္လင်ပြင်လမ်းပေါ်မှ အရှည်ပေ ၁၀၀ ရှိ သဲချောင်းတံတားကို အရှည်ပေ ၁၄၀ ရှိတဲ့ ဘေလီတံတားအဖြစ် တည်ဆောက်ခြင်း၊ ပေ ၄၀ အရှည်ရှိတဲ့ တံတားတစ်စင်းကို ပေ ၆၀ အရှည်ရှိတဲ့ ဘေလီတံတားအဖြစ် တည်ဆောက်ခြင်းတို့ကို မေလ ၂၁ ရက်နေ့မှာ အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ပျက်စီးသွားတဲ့လမ်းတွေ၊ ပိတ်ဆို့နေတဲ့ လမ်းတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနက စက်ယန္တရားတွေနဲ့ တပ်မတော်သားတွေ၊ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေ ရဲ့ လုပ်အားနဲ့ သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်းလင်း ခြင်းအပါအဝင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေဖို့ ကြိုးပမ်းချက်တွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
တပ်မတော်က ကြိုတင်စုဖွဲ့စေလွှတ်ထားတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆိုရင်လည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာရှိတဲ့ မုန်တိုင်း ဒဏ်သင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေး နိုင်ဖို့အတွက် ချီတက်ရာ လမ်းကြောင်းတစ်လျှောက် သစ်ပင်၊ သစ်ကိုင်းတွေ ပိတ်ဆို့လဲကျနေမှုတွေကို ဖယ်ရှားရှင်းလင်းခြင်း၊ မြေပြိုပိတ်ဆို့မှုတွေကို ရှင်းလင်းခြင်းတို့ပြုလုပ်ပြီး အမြန်ဆုံးရောက်ရှိနိုင်ရေး ကုန်းလမ်း၊ ရေလမ်းတို့ကနေ ချီတက်ခဲ့ရတာပါ။
လက်ရှိအချိန်ထိလည်း တပ်မတော်သားတွေ ဟာ သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဒေသခံပြည်သူ လူထုတွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက် လျက်ရှိတာကို တွေ့မြင်နေရပါတယ်။
တပ်မတော်သားတွေအနေနဲ့ အခုလို ကူညီကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ပေးမှုတွေကို ကျွန်တော်တို့အနေနဲ့ မြင်တွေ့ရတဲ့အခါ နိုင်ငံတော်ရဲ့ မည်သည့်အရပ်ဒေသမှာ အရေးကြုံလာသည်ဖြစ်စေ ရှေ့ဆုံးကနေ ရောက်ရှိကူညီပေးခဲ့တဲ့ နိုင်ငံရဲ့ တစ်ခုတည်းသော တပ်မတော်ရဲ့ ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့ ခံယူချက်၊ ဒို့တာဝန်အရေး သုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ထားတဲ့ ရပ်တည်ချက်နဲ့ နိုင်ငံတော်အပေါ်ထားရှိတဲ့ စေတနာ၊ မေတ္တာ တွေဟာ ဒီလိုပါလားလို့ ခံစားမိစေပါတယ်။
လျှပ်စစ်မီးရရှိရေးကဏ္ဍ
မုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်း များလုပ်ဆောင်ရာမှာ အရေးအကြီးဆုံးလုပ်ဆောင် ရမယ့်လုပ်ငန်းတစ်ခုကတော့ လျှပ်စစ်မီးရရှိရေး လုပ်ငန်းပဲဖြစ်ပါတယ်။
အရင်တုန်းကတော့ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းပြီးနေလို့ရပေမယ့် ဒီကနေ့ ခေတ်မှာတော့ လူသုံးကုန်ပစ္စည်းတွေကနေ စက်ယန္တရားကြီးတွေ လည်ပတ်မှုအထိ လျှပ်စစ်မရှိရင်မရတော့တဲ့ အခြေအနေဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းထဲမှာ လျှပ်စစ်မီးရရှိဖို့လုပ်ငန်းကလည်း အရေးကြီးတယ်လို့ ပြောရတာပါ။
(ဆက်လက်ဖော်ပြပါမည်)