ယင်းမာပင်  ၈  မတ်

 

ယင်းမာပင်ခရိုင်အတွင်း ယခုနှစ် ဝါစိုက်ပျိုးရေးလုပ်ငန်းတွင် ရေကန်များရေခန်းခြောက်မှုကြောင့် စိုက်ပျိုးရေအလုံအလောက် မရရှိသဖြင့် ဝါအထွက်နှုန်းများ ကျဆင်းခဲ့သည့်အပြင် ဝါသီးနှံဈေးနှုန်းများလည်း ကျဆင်းလျက်ရှိကြောင်း ဝါစိုက်တောင်သူများထံမှ သိရသည်။

 

4

 

“ယခုနှစ်က မိုးခေါင်တော့ ဝါပင်တွေကသေတယ်၊ ပြီးခဲ့တဲ့နှစ်ကဆို ဝါခင်းထဲလူဝင်ရင်တောင် မမြင်ရဘူး၊ မနှစ်ကနဲ့စာရင် အခုနှစ် ဝါအထွက်မကောင်းဘူး၊ ဈေးလည်းကျတယ်၊ မနှစ်ကတော့ ဝါအထွက်ကောင်းခဲ့သလို ဝါတစ်ပိဿာကို ဈေးအနည်းဆုံး ၁၀၀၀ ကျပ်ကနေ အများဆုံး ကျပ် ၁၄၀ဝ အထိ ဈေးရလိုက်တယ်၊ ဒီနှစ်ကတော့ ဈေးအစမှာ ၇၀ဝ ကျပ်လောက်ကနေ အခု ၁၁၅၀ ကျပ်လောက်ပဲ ဈေးရတယ်၊ အထွက်နည်းသလို ဈေးကလည်းကျတော့ အဆင်မပြေဘူး၊ အလုပ်သမားဈေးကလည်း တက်တယ်၊ တရုတ်မှာဖြစ်နေတဲ့ ရောဂါအခြေအနေကြောင့် ပြည်ပဈေးကွက်ပျက်တော့ ဒီမှာလည်းဈေးကျနေတယ်၊ ရေကန်တွေက ခါတိုင်းနှစ်တွေဆို အခုအချိန်ရေရှိသေးတယ်၊ အခုနှစ်က တောရေကန်တွေအကုန်လုံး ရေခန်းသွားပြီး အပင်က ရေမရတော့ အပင်မသန်သလို အထွက်နှုန်းလည်းနည်းတယ်” ဟု ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာမှ ဝါစိုက်တောင်သူ ဒေါ်ခင်လတ်က ပြောသည်။

 

ဝါသီးနှံကို ယင်းမာပင်မြို့နယ်တွင် ၁၅၀ဝ ဧက၊ ပုလဲမြို့နယ်တွင် ၈၅၀ဝ ဧက၊ ဆားလင်းကြီးမြို့နယ်တွင် ၄၅၀ဝ ဧက၊ ကနီမြို့နယ်တွင် ၅၀ဝ ဧက စုစုပေါင်း ဧက ၁၅၀ဝ၀ စိုက်ပျိုးထားကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)