သိပ္ပံစာရေးဆရာကိုကိုအောင်
မိုးခေါင်ခြင်းနှင့် ရေကြီးခြင်း
၁၉၆၅ ခုနှစ်မှ ၁၉၆၇ ခုနှစ် ကာလများအတွင်းက အိန္ဒိယနိုင်ငံ တစ်ဝန်း မိုးခေါင်ခဲ့မှုကြောင့် လူခြောက်သန်းခန့် အသက်ဆုံးရှုံး ခဲ့ရသည်။ ကမ္ဘာပေါ်ရှိ အရပ်ဒေသ အသီးသီးတို့၌ မိုးခေါင်မှု များကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှု တန်ဖိုးသည် ရေကြီးရေလျှံ ဖြစ်မှုများကြောင့် ပျက်စီးဆုံးရှုံးရသောတန်ဖိုးထက် ပို၍ ကြီးမားသည်ကို သာမန်အားဖြင့် ဂရုပြုမိလေ့ မရှိကြပေ။ မိုးခေါင်ရေရှားဖြစ်မှုသည် ရေကြီးရေလျှံဖြစ်မှုများကဲ့သို့ ကမ္ဘာ့ သတင်းမျက်နှာစာများပေါ်တွင် ထင်ရှားပေါ်လွင်မှု မရှိသော်လည်း တကယ့်လက်တွေ့၌မူ မိုးခေါင်မှုဒဏ်ကြောင့် ခံစားရသော ဆိုးကျိုးများနှင့် ဆက်စပ်ဆိုးကျိုးများ၏ အတိုင်းအဆ ပမာဏက ရေကြီးရေလျှံဖြစ်မှု၏ အကျိုးဆက်များထက် ပို၍ ကြီးမားကျယ်ပြန့်သည်။
မိုးခေါင်ခြင်း၏ ဆိုးကျိုးများ
မိုးခေါင်သည့်ဒေသများတွင် ရေအလုံအလောက်မရရှိသော ပြဿနာကြောင့် ဒေသခံပြည်သူများ၏ အသက်ရှင်ရေးကို ခြိမ်းခြောက်ခံနေရသည်။ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် အလယ်တောင်ကြားဒေသ၌ ကာလရှည်မိုးခေါင်မှုကြီး ဖြစ်ပေါ်ခဲ့သည့်အတွက် မြေအောက်ရေများကို အားကိုးအားထားပြုခဲ့ရသည်။ ကယ်လီဖိုးနီးယား ပြည်နယ်၏ အရှေ့ဘက်၌ရှိသော ကမ္ဘာ့နာမည်ကျော် ရေကန် များ၌လည်း ရေများခန်းခြောက်သွားခဲ့သည်။ ဒေသခံပြည်သူ များမှာ သောက်သုံးရေရရှိနိုင်သော အရပ်ဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြရသည်အထိ ဖြစ်ခဲ့ရသည်။ ကမ္ဘာပေါ်၌ ဆဋ္ဌမမြောက်အကြီးဆုံး ရေကန်ကြီးဖြစ်သော ချဒ်ရေကန်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၉၇၀၀ ရှိသည်။ ဆာဟာရသဲကန္တရတောင်ပိုင်းနှင့် ကပ်လျက် တည်ရှိသော ထိုရေကန်ကြီးကို အကြောင်းပြု၍ နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ချဒ်နှင့် ကင်မရွန်း စသော နိုင်ငံများ၏ စိုက်ပျိုးမွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထိုဒေသတွင် မိုးခေါင်မှု အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည့်အပြင် ရေဝေဒေသများမှ ချဒ်ရေကန်ကြီးဆီသို့ စီးဝင်လာသောရေများကို ဆည်နှင့်တမံများ တည်ဆောက်ကာ ကြားဖြတ်ရယူနေကြသည့်အတွက် ချဒ်ရေကန်ကြီး၏ ရေပမာဏမှာ လက်ရှိအချိန်တွင် တစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။
မိုးခေါင်ခြင်းသည် လတ်တလောအားဖြင့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခြင်း၊ သောက်သုံးရေအခက်အခဲ ဖြစ်ပေါ် ခြင်း၊ အပူဒဏ်လွန်ကဲခြင်း စသည်တို့ကို ခံစားကြရစေသလို ဆက်စပ်ဆိုးကျိုးများအဖြစ် ရေအရင်းအမြစ်များ လျော့နည်း ခန်းခြောက်ခြင်း၊ မြေဆီလွှာပျက်သုဉ်းခြင်း၊ သဲကန္တာရကျယ်ပြန့် လာခြင်းတို့ကို ကြုံတွေ့ရစေသည်။ သာဓကအားဖြင့် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ဂိုဘီသဲကန္တာရကြီးသည် တဖြည်းဖြည်း ကျယ်ပြန့်လာနေခြင်းကြောင့် ယင်းနှင့်နီးကပ်စွာတည်ရှိပြီး စိုက်ပျိုးမွေးမြူရေးကို အားထားလုပ်ကိုင်ကြသော ကျေးရွာအချို့ကို ရွှေ့ပြောင်းပေးနေကြရသည်။ အရပ်ဒေသတစ်ခု၌ မိုးရေချိန်ပမာဏ ရရှိမှုကို အကြောင်းပြု၍ မိုးခေါင်မှုဖြစ်စဉ်ကို တိုင်းတာသတ်မှတ်ကြသည်။ ကာလ အတိုင်းအတာ တစ်ခုအတွင်း၌ ပုံမှန်ရွာသွန်းမြဲ မိုးရေချိန် ပမာဏအောက်များစွာ လျော့နည်းရရှိခဲ့လျှင် ထိုကာလအတွင်း၌ မိုးခေါင်သည်ဟု ယေဘုယျအားဖြင့် သတ်မှတ်သည်။ ရှေးကာလကတည်းက အစဉ်အဆက် မိုးရေချိန်ရရှိမှုပမာဏ နည်းပါးသောဒေသ တစ်နည်းဆိုရသော် မိုးနည်းရပ်ဝန်းဒေသ များတွင် ပုံမှန်အားဖြင့် မိုးရွာသွန်းနေကျကာလအတွင်း မိုးရွာ သွန်းမှု လုံး၀မရှိခြင်းသည်လည်း မိုးခေါင်မှုဖြစ်စဉ် ပေါ်ပေါက် နေခြင်းဖြစ်သည်။
မိုးရွာသွန်းမှုအလွန်နည်းပါးခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေသော အကြောင်းရင်း အခြေခံမှာ ဖိအားများသည့် လေထုပင်ဖြစ် သည်။ ဖိအားများနေသော လေထုသည် အပေါ်ဘက်သို့ မတက်ရောက်နိုင်ဘဲ အောက်ဘက်သို့ ပြန်လည်နိမ့်ဆင်းနေ သည့်အတွက် မိုးအဖြစ် ရွာမချနိုင်ပေ။ ဖိအားများသောလေ၏ သဘောသဘာ၀အရ နီးကပ်စွာတည်ရှိနေသော တိမ်တိုက် များကို ဝေးရာဆီသို့ တွန်းထုတ်ပစ်တတ်ကြသည့်အတွက် ထိုအရပ်တွင် မိုးမရွာဘဲ တိမ်ကင်းစင်ကာ ကောင်းကင်ပြာနှင့် အတူ နေရောင်ကို ထွန်းလင်းတောက်ပစေသည်။ သာမန်အား ဖြင့် ဒေသတစ်ခု၌ရှိသော လေထု၏ဖိအားသည် များလိုက် နည်းလိုက် ဖြစ်ပေါ်တတ်သော်လည်း တစ်ခါတစ်ရံ၌မူ ထူးခြား ဖြစ်စဉ်အနေဖြင့် နေ့စဉ်ရက်ဆက်ဆိုသလို ဖိအားများနေသည့် အခါ မိုးမရွာသည့်ကာလ ရှည်ကြာပြီး မိုးခေါင်မှုဖြစ်ပေါ်လာ သည်။
မိုးခေါင်မှုကိုဖြစ်ပေါ်စေသည့် နောက်ထပ်အကြောင်းရင်း တစ်ခုမှာ ပင်လယ်နှင့် သမုဒ္ဒရာရေများ အငွေ့ပျံမှုကြောင့် ဖြစ်ပေါ်လာသော ရေငွေ့ အစုအဝေးသည် ပုံမှန်ရောက်နေကျ အရပ်ဒေသတစ်ခုသို့ ရောက်မလာခြင်းပင်ဖြစ်သည်။ အိန္ဒိယ သမုဒ္ဒရာမှ တိုက်ခတ်လာသော မုတ်သုံလေသည် သမုဒ္ဒရာ ရေပြင်ပေါ်မှ ရေငွေ့များကို သယ်ဆောင်ပေးခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသည်။ မုတ်သုံလေ တိုက်ခတ်မှုအင်အား လျော့နည်းခြင်းကြောင့် သမုဒ္ဒရာရေငွေ့များကို သယ်ဆောင်နိုင်စွမ်း ကျဆင်းသွားသည်ဖြစ်စေ၊ မုတ်သုံ လေတိုက်ခတ်ရာလမ်းကြောင်း ပြောင်းလဲသွားသည်ဖြစ်စေ အဆိုပါ ဒေသနိုင်ငံများ၌ မိုးခေါင်မှုများ ဖြစ်ပေါ်လာတော့ သည်။
တောင်စဉ်တောင်တန်းများသည်လည်း တောင်ကွယ်ရာ အရပ်ဒေသများကို မိုးခေါင်မှု ဖြစ်ပေါ်စေနိုင်သည်။ ရေငွေ့များ ကိုသယ်ဆောင်လာသောလေသည် တောင်ကို ဖြတ်ကျော်သည့်အခါ အမြင့်သို့တက်ရင်း အေးလာသည့်အတွက် မိုးအဖြစ် ရွာသွန်းလေ့ရှိရာ တောင်ကို ဖြတ်ကျော်ပြီးချိန်တွင် ရေငွေ့ နည်းသွားပြီး တောင်ကွယ်ရာအရပ်များ၌ မိုးခေါင်မှုကို ဖြစ်ပေါ် စေခြင်းဖြစ်သည်။
ပုံမှန်ရှိသင့်သည့်အနေအထားထက် ပို၍ အေးမြနေသော သမုဒ္ဒရာရေနှင့် ပို၍ပူနွေးသော သမုဒ္ဒရာရေများသည်လည်း ဖိအားများသည့် လေထုကို ဖန်တီးဖြစ်ပေါ်စေသည်ဖြစ်၍ မိုးခေါင်မှုကို ဖြစ်စေသည်။ သာဓကအားဖြင့် ပစိဖိတ်သမုဒ္ဒရာ၌ ဖြစ်ပေါ်လာတတ်သော အယ်လ်နီညို ရေနွေးစီးကြောင်းသည် ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ဘက်ခြမ်း မြောက်အမေရိကတိုက်၌ မုန်တိုင်းများကို ဖြစ်ပေါ်စေသော်လည်း အနောက်ဘက်ခြမ်းရှိ အာရှ၊ ဩစတြေးလျနှင့် အာဖရိကတိုက်၏ အရှေ့တောင်ဒေသတို့တွင် မိုးခေါင်မှုကို ဖြစ်ပေါ်စေသည်။ ထို့အတူ လာနီညာ ရေအေးစီးကြောင်းများကလည်း ပစိဖိတ်သမုဒ္ဒရာ၏ အရှေ့ ဘက်ခြမ်းရှိ မြောက်အမေရိကတိုက်ကို မိုးခေါင်စေပြီး အာရှ၊ ဩစတြေးလျနှင့် အာဖရိက အရှေ့တောင်ဒေသတို့ကို စွတ်စို သောရာသီဥတု ဖြစ်ပေါ်စေသည်။
တောင်လတ္တီတွဒ် ၃၀ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၃၀ ဒီဂရီ ဝန်းကျင်ဒေသများတွင် လေထုအပေါ်ယံလွှာရှိ ပူနွေးသော လေစိုင်များက အောက်ဘက်သို့ စဉ်ဆက်မပြတ် စုန်ဆင်းနေ ကြသည့်အတွက် ထိုအရပ်ဒေသများသည် မိုးခေါင်လွန်းသော ဒေသများ ဖြစ်လာရသည်။ ထို့ကြောင့်ပင် မြောက်လတ္တီတွဒ် ၃၀ ဒီဂရီနှင့် တောင်လတ္တီတွဒ် ၃၀ ဒီဂရီ ဝန်းကျင်တွင် သဲကန္တာရရများ ကျယ်ပြန့်စွာ တည်ရှိနေကြခြင်းဖြစ်သည်။
လွန်ခဲ့သော ရာစုနှစ်ဝက်ခန့်မှစ၍ မိုးခေါင်မှုကို ဖြစ်ပေါ် စေသော ခေတ်သစ်အကြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ယင်းသည်ကား က္ဘာကြီး ပိုမိုပူနွေးလာနေခြင်းပင် ဖြစ်သည်။ တရိပ်ရိပ်တက်လာနေသော ကမ္ဘာ့အပူချိန်ကြောင့် ပူနွေး သောလေထုသည် မြေကြီးထဲရှိ ရေငွေ့များကို အဆတိုး၍ စုပ်ယူနေသောကြောင့် ကမ္ဘာ့မြေမျက်နှာပြင်ခြောက်သွေ့မှု ဖြစ်ပေါ်လာခဲ့သည်။ ယင်း၏အကျိုးဆက်အဖြစ် ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် မိုးခေါင်မှုဖြစ်ပွားသော အရပ်ဒေသများ၏ အကျယ်အဝန်းမှာ နှစ်ဆတိုးလာခဲ့သည်။ ကမ္ဘာကြီး ပို၍ပူနွေး လာနေခြင်းကြောင့် ကမ္ဘာ့မျက်နှာပြင်၏ ၃၀ ရာခိုင်နှုန်းဖြစ် သော ကုန်းမြေဒေသများပေါ်၌ ဖြစ်ပေါ်သည့် မိုးခေါင်မှု ဖြစ်စဉ်များတွင် ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းဖြစ်သော သမုဒ္ဒရာနှင့် ပင်လယ်ရေထုတို့က ပါဝင်ပတ်သက်လာကြ တော့သည်။
ကမ္ဘာကြီး ပိုမိုပူနွေးလာနေမှုကြောင့် ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အတွင်း အိန္ဒိယသမုဒ္ဒရာရေပြင်၏ အပူချိန်သည် သုည ဒသမ ၂၅ ဒီဂရီ စင်တီဂရိတ် တက်လာခဲ့သည်။ အကျိုးဆက် အဖြစ် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် ပုံမှန်တိုက်ခတ်နေကျ ကုန်သည်လေများ အားပျော့သွားကာ သမုဒ္ဒရာ အနက်ပိုင်းရှိ အေးသောရေများ အပေါ်သို့ ဆန်တက်လာမှု ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြီး နှစ်ကာလကြာရှည် စွာ ဖြစ်ပေါ်နေမည်ဆိုပါက အိန္ဒိယသမုဒ္ဒရာဝန်းကျင်ရှိ ဒေသ များတွင် မိုးခေါင်လာဖွယ်ရှိသည်။ အထူးသဖြင့် အာဖရိက တောင်ပိုင်းဒေသများ၌ ပို၍မိုးခေါင်လာနိုင်သည့် အခြေအနေ ဖြစ်ပေါ်လာဖွယ်ရှိနေသည်။
ရေကြီးခြင်း
အခြားတစ်ဖက်တွင်လည်း ပိုမိုပူနွေးလာသည့် ကမ္ဘာ့ အပူချိန်ကြောင့် ရေငွေ့ပျံမှုပမာဏ ပိုမိုများပြားလာပြီး ရေသံသရာလည်ခြင်းဖြစ်စဉ်က ပို၍မြန်ဆန်လာလျက် ရှိနေသည်။ ကမ္ဘာ့ပတ်လမ်းကြောင်း အတွင်း၌ လွှတ်တင်ထားသော ရာသီဥတု စောင့်ကြည့်လေ့လာရေး ဂြိုဟ်တုများက တိုင်းတာ ပေးပို့ချက်များအရ ကမ္ဘာ့သမုဒ္ဒရာရေပြင်၏ အပေါ်၌ရှိသော လေထုအတွင်း၌ ရေငွေ့ပါဝင်ဖွဲ့စည်းနေမှုသည် ၁၉၈၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း တစ်ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရှိရသည်။
ကုန်းမြေဒေသများပေါ်၌မူ လေထုအတွင်း၌ ရေငွေ့ ပါဝင် ဖွဲ့စည်းမှုသည် ၁၉၇၃ ခုနှစ်မှစ၍ တစ်နှစ်လျှင် ငါးရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။ ကုန်းမြေဒေသများအားလုံး မဟုတ်သော် လည်း အချို့နေရာများတွင် ၁၉၉၃ ခုနှစ်ထိတိုင် အနှစ် ၂၀ လုံးလုံး တစ်နှစ်လျှင် ငါးရာခိုင်နှုန်းခန့် မှန်မှန်ကြီး တိုးလာနေခဲ့ သည်။ ယင်းကဲ့သို့ ရေငွေ့ပျံမှုပမာဏတိုးလာပြီး လေထုအတွင်း ရေငွေ့ ပါဝင်ဖွဲ့စည်းမှု မြင့်တက်လာခဲ့လျှင် ကမ္ဘာ့မြေပြင်နှင့် ရေပြင်တို့အပေါ်သို့ မိုးအဖြစ်လည်းကောင်း၊ ဆီးနှင်းမိုးများ အဖြစ်လည်းကောင်း ပြန်လည်ရွာချမှု ပမာဏကလည်း ပို၍ တိုးလာသည်။
ကမ္ဘာ့မြေပြင်ပေါ်သို့ မိုးရွာချသည့်အခါ သည်းထန်စွာ ရွာ သွန်းခြင်း၊ မိုးရွာသွန်းမှု တစ်ကြိမ်နှင့်တစ်ကြိမ် နီးကပ်ခြင်း၊ မိုးသည်းထန်မှုမရှိသော်လည်း နေ့စဉ်ရက်ဆက် အဆက်မပြတ် ရွာသွန်းခြင်းများသည် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေသည်။ ရွာချနေသော မိုးရေချိန်ပမာဏ အလွန်များပြားလာသည့်အခါ ရေဝေဒေသများမှ စီးဝင်လာသော မိုးရေများကို မြစ်ချောင်းများက ရေအိုင်ကြီးများဆီသို့လည်းကောင်း၊ ပင်လယ်ထဲသို့လည်းကောင်း အလျဉ်မီအောင် ပို့ဆောင်စီးဆင်းနိုင်စွမ်း မရှိတော့သည့်အတွက် မြစ်ကမ်းဘေးနှင့် ချောင်းကမ်းပါးဒေသများ၌ ရေကြီးရေလျှံမှုကြီးများ ဖြစ်ပေါ်လာတော့သည်။
ယင်းကဲ့သို့ ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေသော မိုးရွာ သွန်းမှုပုံစံသည် ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၌ သိသာစွာ ဖြစ်ပေါ်လာခဲ့ သည်။ နောက်ပိုင်းတွင်မူ ထိုဖြစ်စဉ် ဖြစ်ရပ်မျိုးကို ကမ္ဘာ့ဒေသ အနှံ့အပြားတွင် တွေ့ရှိလာကြရသည်။ တစ်ဖက်တွင်လည်း သစ်တောပြုန်းတီးနေမှုကြောင့် စီးဆင်းလာသော ရေထုကြီး ကို ခုခံဟန့်တားထားနိုင်မှု မရှိတော့သည့်အတွက် ရုတ်တရက် ရေလွှမ်းမိုးမှုကို ကြုံတွေ့နေကြရသည်။ လူဦးရေ တိုးပွားလာ သည့်အတွက် မြို့ရွာများ တိုးချဲ့ခြင်းကြောင့်လည်း မိုးရေကို စုပ်ယူနိုင်သော မြေပြင်ဧရိယာ ကျုံ့သွားကာ ရေလွှမ်းမိုးမှုများကို ပို၍ဖြစ်ပေါ်လာစေသည်။
စက်မှုဖွံ့ဖြိုးမှု၏ အကျိုးဆက်ဖြစ်သော လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှု မြင့်တက်လာနေခြင်းသည်လည်း ရေကြီးရေလျှံမှုကို ဖြစ်စေသော အကြောင်းရင်းတစ်ရပ် ဖြစ်လာသည်။ သစ်ပင်တို့၏ အလင်းဖွဲ့အစာချက် ဖြစ်စဉ်အတွင်း လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူကာ ပင်စည်ထဲ၌ ကာဗွန်အဖြစ် သိုမှီးထားကြရသလို အမြစ်မှတစ်ဆင့် မြေကြီးထဲ၌ပါ အော်ဂဲနစ်ကာဗွန်အဖြစ် သိုလှောင်သိမ်းဆည်းထားကြရသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူရမှုပမာဏ လွန်ကဲများပြားလာသည့်အခါ မြေကြီးထဲမှ ရေကိုစုပ်ယူသောအမြစ်များရှိ ရေစုပ်ပေါက်များ ပိတ်သွားတော့သည်။ ဤသို့အားဖြင့် ကမ္ဘာ့မြေပြင်ပေါ် ရွာချသော မိုးရေများကို အပေါ်ယံမြေလွှာမှတစ်ဆင့် သစ်ပင်အမြစ်များက စုပ်ယူနိုင်စွမ်း လျော့ကျကာ မိုးရေစီးဆင်းမှုကို များပြားစေလျက် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်လာစေသည်။
ကမ္ဘာ့လေထုထဲ၌ ရေငွေ့ပါဝင်နှုန်း တိုးလာသည့်အတွက် အမေရိကန်ပြည်ထောင်စုတွင် မိုးရွာသွန်းမှုပမာဏ ၅ ရာခိုင်နှုန်း ပိုမိုလာခဲ့ပြီး ကမ္ဘာ့မြောက်ဘက်စွန်းဒေသများ၌မူ ၂၀ ရာခိုင်နှုန်း အထိ ပို၍ တိုးလာခဲ့သည်။ ဥရောပတိုက် နေရာအနှံ့အပြား၊ ဩစတြေးလျတိုက်နှင့် အာဖရိကတိုက် တောင်ပိုင်းဒေသများ တွင်လည်း မိုးနှင့် ဆီးနှင်းမိုးများ ရွာသွန်းမှုက ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ အကျိုးဆက်များ အဖြစ် ဒုတိယထောင်စုနှစ်၏ နောက်ဆုံး ၁၀ နှစ်အတွင်း ကမ္ဘာ့ပြည်သူ သန်းပေါင်း ၁၅၀၀ ခန့်သည် ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ကြရသည်။
မှတ်တမ်းများအရ ကမ္ဘာ့အကျယ်ပြန့်ဆုံးသော မြစ်ဝှမ်း ဒေသများ၌ အကြီးကျယ်ဆုံးသော ရေလွှမ်းမိုးမှု ၂၁ ကြိမ် ဖြစ် ပေါ်ခဲ့ကာ ယင်းတို့အနက် ၁၆ ကြိမ်မှာ ၁၉၅၃ ခုနှစ်နောက် ပိုင်းတွင် ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပြီး အဆိုပါ တွေ့ရှိချက်က ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု စတင်ဖြစ်ပေါ်ခဲ့ချိန် နောက်ပိုင်းမှ စ၍ ရေလွှမ်းမိုးမှုအကြိမ် ပို၍များပြားလာကြောင်း ထောက်ပြ လျက်ရှိသည်။ ထို့အပြင် အနာဂတ်ကာလများ၌ ကမ္ဘာ့ဒေသ အနှံ့တွင် ရေဖောင်နေသောမြင်ကွင်းများကို ပိုမို မြင်တွေ့ ကြရလိမ့်မည်ဖြစ်ကြောင်းကိုလည်း အဆိုပါ မှတ်တမ်းများက သတိပေး ထောက်ပြလျက်ရှိနေကြသည်။
မြင့်တက်လာသော ကမ္ဘာ့အပူချိန်သည် အပူပိုင်းဒေသများ၏ ကောင်းကင်ယံရှိ အပေါ်လွှာလေထုအတွင်း တိမ်ဖြစ် ထွန်းမှုကို ပိုမိုများပြားလာစေပြီး ထိုဖြစ်ရပ်က အင်အားအလွန် ကြီးမားသော မုန်တိုင်းများနှင့် သည်းထန်လွန်းသော မိုးရွာသွန်းမှုများကို ဖိတ်ခေါ်လျက်ရှိသည်။ သမုဒ္ဒရာရေပြင် အပူချိန် တစ်ဒီဂရီ စင်တီဂရိတ် တက်လာတိုင်း အပေါ်လွှာလေထု၌ တိမ်ဖြစ်ထွန်းမှုကလည်း ၄၅ ရာခိုင်နှုန်း တိုးလာလျက်ရှိရာ မိုး သည်းထန်စွာရွာသွန်းမှုကို တစ်ပါတည်း သယ်ဆောင်လာမည့် အင်အားအလွန်ကောင်းသော မုန်တိုင်းအရေအတွက်က လည်း ဆယ်စုနှစ်တစ်စုလျှင် ခြောက်ရာခိုင်နှုန်း တိုးလာဖွယ် ရှိနေသည်။
ကမ္ဘာကြီး ပူနွေးလာမှု၏ အကျိုးဆက်
မိုးခေါင်ခြင်းဖြစ်ရပ်များကြောင့် ကမ္ဘာ့အရပ်ဒေသအချို့၌ သောက်သုံးရေ အခက်အခဲဖြစ်ခြင်း၊ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခြင်း၊ အပူဒဏ်ကို လွန်ကဲစွာ ခံစားကြရခြင်း၊ ရေအရင်းအမြစ်များ လျော့နည်းခန်းခြောက်ခြင်း၊ သဲကန္တာရများ ကျယ်ပြန့်လာခြင်းစသော ဆိုးကျိုးများကို ခံစားကြရသလို ရေဖောင်သော ဖြစ်ရပ်များကြောင့်လည်း ကမ္ဘာ့အရပ်ဒေသအချို့၌ ကောက်ပဲသီးနှံစိုက်ခင်းများ အကြီးအကျယ် ထိခိုက်ပျက်စီးခြင်း၊ လယ်ယာလုပ်ငန်းခွင်သုံး တိရစ္ဆာန်များ သေဆုံးခြင်း၊ လူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများ ကျရောက်ခံစားရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအပေါ် သိသာသော ထိခိုက်မှုများ ဖြစ်ပေါ်ခြင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကြေးနှင့် အချိန်များစွာ အကုန်အကျခံရခြင်း စသောလူမှုဒုက္ခဆိုးများကို ခံစားကြရစေသည်။
မိုးခေါင်မှု၏ ဆက်စပ်ဆိုးကျိုးများထဲတွင် သဲကန္တာရများ ကျယ်ပြန့်လာနေခြင်းသည် ကြောက်စရာ အကောင်းဆုံးပင် ဖြစ်သည်။ ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသနှင့် တရုတ်ပြည် မြောက်ပိုင်းဒေသများသည် သဲကန္တာရနယ်မြေ ကျယ်ပြန့်စွာ တည်ရှိရာ ဒေသများဖြစ်ပြီး ထိုသဲကန္တာရနယ်မြေများသည် ထွန်ယက်စိုက်ပျိုး လုပ်ကိုင်စားသောက်နိုင်သော မြေအဖြစ်သို့ မည်သည့်အခါမျှ ပြန်လည် မရောက်ရှိနိုင်တော့သော နယ်မြေ များဖြစ်ကြသည်။
ကမ္ဘာကြီး ပိုမိုပူနွေးလာနေခြင်းသည် ကမ္ဘာ့မြေပြင်ကို ပို၍ ခြောက်သွေ့စေခြင်းဖြင့် မိုးခေါင်မှုကို အဆတိုးကာ ဖြစ်ပေါ်လာ စေသည့်နည်းတူ ရေသံသရာလည်ခြင်းဖြစ်စဉ်ကို ပို၍မြန်ဆန် စေခြင်းဖြင့် မိုးရွာသွန်းမှုပမာဏကို အဆတိုး၍ များပြားလာ စေခြင်းကြောင့် ရေဖောင်သောဖြစ်ရပ်များကို တိုး၍ ကြုံတွေ့ ကြရစေသည်ဖြစ်ရာ လူမှုဒုက္ခအပေါင်းကို ကြုံတွေ့စေသည့် မိုးခေါင်မှုနှင့် ရေဖောင်မှုများမှ ရှောင်လွှဲနိုင်ကြစေရန်အတွက် က္ဘာကြီး ပူနွေးလာနေမှုကို တတ်နိုင်သည့် နည်းလမ်းများဖြင့် အစွမ်းကုန် တိုက်ဖျက်သွားကြရမည်သာ ဖြစ်ပေသည်။ ။
မြန်မာ့အလင်း