မလှိုင် ၇ ဧပြီ
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးကြို ပဲတီစိမ်းစံပြကွက်စိုက်ပျိုးမည့် ထမ္မကြီးကျေးရွာနှင့် ကြိုးကြာဥ ကျေးရွာများမှ တောင်သူများအား ရေဆင်း(၁၄) ပဲတီစိမ်းမျိုး ၊ ကွန်ပေါင်းမြေသြဇာ နှင့် တမာ ပိုးသတ်ဆေးဘူးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး စည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။
ပေးအပ်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစန်းယု ကမျိုးကောင်းမျိုးသန့်ပြန့်ပွားရေး၊ ပိုးသတ်ဆေးလျှော့ချသုံးစွဲရေး ၊ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် GAP စံနစ်ဖြင့် သီးနှံများစိုက်ပျိုးထုတ်လုပ်ရန် ၊ GAP စံနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ပါက လူသားအားလုံး အန္တရာယ်ကင်းသည့် အစားအစာများ စားသုံးရမည်ဖြစ်ကြောင်း ၊ ထို့အပြင် တောင်သူများအနေဖြင့်လည်း သီးနှံဈေးကောင်းရရှိရေးကို ဦးတည်စေမှာ ဖြစ်ကြောင်းတက်ရောက်လာ သူများကို အသိပေး ပြောကြားသည် ။ ယင်းနောက် ရှေ့တန်းစခန်းတာဝန်ခံ ဦးအောင်ဇော်မှ ပဲတီစိမ်း စံပြကွက် စိုက်ပျိုးရမည့် လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ တောင်သူများအား အသေးစိတ် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုက ထမ္မကြီး ကျေးရွာနှင့် ကြိုးကြာဥ ကျေးရွာများမှ မိုးကြို ပဲတီစိမ်း စံပြကွက် (၁၀ )ဧက စိုက်ပျိုးမည့် တောင်သူ (၈ ) ဦးအား တစ်ဧကလျှင် ရေဆင်း(၁၄) ပဲတီစိမ်း မျိုး(၄)ပြည်၊ ကွန်ပေါင်းမြေသြဇာ တစ်အိတ်နှင့် တမာပိုးသတ်ဆေးဘူး တစ်ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့သည် ။
အောင်ဌေး(မလှိုင်)