နေပြည်တော်၊ မေ  ၅

 

မိုးကြိုကာလနှင့် မိုးရာသီကာလတွင်ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်သည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် ဖြစ်ပွားနိုင် ခြေများသည့် နိုင်ငံများတွင်ပါဝင်ပြီး လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ကြီးမားစွာ ဖြစ်ပွားခဲ့သည် ဘေးအန္တရာယ်ဖြစ်စဉ်များတွင်လည်း ထိခိုက်ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ယခင်နှစ်များတွင်လည်း ဘေးအန္တရာယ်ဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အတွက် စွမ်းရည်မြှင့်တင်မှုသင်တန်းအမျိုးမျိုးကို ဆောင်ရွက်ခဲ့ပြီး ယခု (၂၀၂၃) ခုနှစ် ဧပြီလအတွင်း၌လည်း စောစီးစွာသတင်း ရယူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း စနစ် (Early Warning, Alert and Response System-EWARS) သင်တန်းကို  ပြုလုပ်ခဲ့ပါကြောင်း၊

 

မိုးကြိုကာလနှင့် မိုးရာသီကာလတွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းများ ဖြစ်ပေါ်ခြင်း၊ ထိုသို့ လေဖိအားနည်းရပ်ဝန်းများမှ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်နှင့် မုန်တိုင်းတို့ ဖြစ်ပေါ်လာ နိုင်သဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များကိုလည်း မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုစေလိုပါကြောင်း၊ ထိုသို့သော ဘေးအန္တရာယ်များအတွက် မိမိတို့ ကျန်းမာရေးကဏ္ဍမှ ကြိုတင်ပြင်ဆင်မှုများကို ပြည့်စုံသေချာ စေရေးအတွက် ဆန်းစစ်မှုပုံစံ (Checklist) များဖြင့် စနစ်တကျကြိုတင်ပြင်ဆင် လုပ်ဆောင်ထားစေလိုပါကြောင်း၊အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက် စေလိုပါကြောင်း။

      

ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနများ၏ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေကွပ်ကဲမှုစင်တာ (Public Health Emergency Operations Center) များကိုလည်း အသင့်အနေထားတွင် ထားရှိရမည်ဖြစ်ပါကြောင်း၊ ကြိုတင် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (Rapid Response Team) များ၊ ခရိုင်နှင့် မြို့နယ်အဆင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များကိုလည်း အသင့်အနေအထား ပြုလုပ်ထားစေလိုပါကြောင်း၊ မုန်တိုင်းဘေးအန္တရာယ်ကဲ့သို့ ကြိုတင်သိရှိနိုင်သော ဘေးအန္တရာယ်အတွက်သာမက ကြိုတင်ခန့်မှန်းရခက်ခဲသော ဘေးအန္တရာယ်များအတွက် ကြိုတင် ပြင်ဆင်မှုများ အမြဲမပြတ် လုပ်ဆောင်ထားရှိစေရေး တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်များအား စနစ်တကျစီမံခန့်ခွဲမှု၊ အရေးပေါ်ဆေးနှင့် ဆေးပစ္စည်းများ စီမံခန့်ခွဲမှု တို့သည် အရေးကြီးပါကြောင်း၊

 

 တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင်လည်း သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ လမ်းညွှန်ချက်များရယူကာ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ယခင်က ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံ ကောင်းများကို အခြေခံကာ ဆောင်ရွက်စေလိုပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် “မိုးကြို ကာလနှင့် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲ” ကိုလည်း ယနေ့မှ နှစ်ရက် ဆက်လက်ပြုလုပ်သွားမည်ဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တက်ရောက်လာသူများ အနေဖြင့် မိမိတို့၏ အတွေ့အကြုံများကိုအခြေခံကာ ပါဝင်ဆွေးနွေး ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းက အမှာစကား ပြောကြားသည်။

 

ယင်းနောက် သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဌာနခွဲက ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြကြသည်။

 

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများက  ယခင်နှစ် များတွင်ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်ဖြစ်စဉ်များတွင် တုံ့ပြန်ဆောင်ရွက်ခဲ့မှုများ၊ ဆေးရုံများနှင့် ကျန်းမာရေးဌာနများ၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ၊ ပြည်သူ့ကျန်းမာ ရေးအရေးပေါ် အခြေအနေ ကွပ်ကဲမှုစင်တာများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှု အခြေအနေများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူပြီး နှီးနွှယ်ဌာနဆိုင်ရာ များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်နေသည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

 

ဆွေးနွေးချက်များအပေါ် ကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူ များက ဝိုင်းဝန်းဆွေးနွေးမှုများနှင့် အကြံပြုမှုများကို ဆောင်ရွက်ကြသည်။

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ မိုးကြိုကာလနှင့် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ် များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်မှု အလုပ်ရုံဆွေးနွေးပွဲကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် မေ ၅ ရက် နှင့် ၆ ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)