မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုများကြောင့်လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပြန်တိမ်များဖြစ်ထွန်း၍ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းမှု ကြောင့်လည်းကောင်း လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊  မိုးကြိုးပစ်ခြင်း၊  လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့်  မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ   ဖြစ်ပေါ်လာနိုင်သည်ဟု   ဧပြီလ   ၁၉    ရက်နေ့က မိုးလေဝသဌာနက အသိပေးနှိုးဆော်ခဲ့သည်။

 

ထိုသို့အသိပေးပြီးနောက် ဧပြီလ ၂၀ ရက်နေ့ ည ၈ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာအချို့၌ လေပြင်းများတိုက်ခတ်ခဲ့ရာ လူနေအိမ်အချို့ ပျက်စီးသော်လည်း လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ပေ။ ထိုနေ့ညတွင်ပင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌လည်း လေပြင်းတိုက်ခတ်မှုအနည်းငယ်ရှိခဲ့သည်။ သို့သော် ဧပြီလ ၂၁ ရက်နေ့ ည ၆ နာရီ မိနစ် ၂၀ ခန့်တွင်  နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ်၌  လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည်။    လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အဆိုပါမြို့နယ်ရှိ အောင်မြင်ကုန်းကျေးရွာ၌ နေအိမ်  ၁၅၅  လုံး၊  စာသင်ကျောင်းတစ်ကျောင်း၊ ကျေးလက်ဆေးပေးခန်းတစ်ခန်း၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် တံတားဦးကျေးရွာ၌ လူနေအိမ် ၇၇ လုံး၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း တို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံပြည်သူ ၁၁၃ ဦး ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသူခြောက်ဦးရှိကြောင်း သိရသည်။

 

ထို့နောက် ဧပြီလ ၂၂ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်နှင့် နတ်မောက်မြို့နယ်၊  မန္တလေးတိုင်းဒေသကြီး  အောင်မြေသာစံမြို့နယ်၊  မတ္တရာ မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် အခြားမြို့နယ်အချို့တွင်လည်း လေပြင်းများတိုက်ခတ်ခဲ့သည်။ အဆိုပါ မြို့နယ်များအတွင်း၌ လေပြင်းများတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လျှပ်စစ်မီးတိုင်များ၊ စေတီတော်များနှင့် ဌာနဆိုင်ရာအဆောက်အအုံများ  ပြိုကျပျက်စီးခဲ့ပြီး  လူနှင့် တိရစ္ဆာန်များ  ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။ ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ မိုးလေဝသမှ ကြိုတင်အသိပေး နှိုးဆော်ထားသည်မှန်သော်လည်း   ဖြစ်ပွားချိန်မြန်ဆန်သဖြင့် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ မိုးကြိုကာလတွင်အလားတူဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားတတ်သဖြင့် ဤဖြစ်စဉ်များကို သင်ခန်းစာယူ၍ သဘာဝဘေးအန္တရာယ် ထိခိုက်မှုလျော့နည်းသက်သာရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည်   နိုင်ငံ၏ရာသီဥတုနှင့် လူနေမှုအခြေအနေအရ   မီးဘေး၊ ရေဘေး၊ ရေကြီးရေလျှံ၊ မြေပြို၊ တောင်ပြိုမှုအန္တရာယ်များနှင့် ကြုံတွေ့တတ်သော နိုင်ငံဖြစ်သည်။ ထို့အပြင် ရာသီအလိုက် ဖြစ်ပွားတတ်သော မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊   မိုးကြိုးပစ်ခြင်း၊   မိုးသီးကြွေခြင်း၊   လေဆင်နှာမောင်း တိုက်ခတ်ခြင်း၊ ဆူနာမီနှင့် ငလျင်လှုပ်ခြင်း စသည့်သဘာဝဘေးအန္တရာယ်အမျိုးမျိုး နှင့် ကြုံတွေ့နိုင်သည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ကြိုတင်မသိနိုင်သော ငလျင်အန္တရာယ်မှလွဲ၍ အခြားသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ကို မိုးလေဝသမှ အချိန်နှင့်တစ်ပြေးညီ   အသိပေး ထုတ်ပြန်ချက်များကို   အလေးထား၍   ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှသာ သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနသည်   သဘာဝဘေးကြောင့်  ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးအတွက်  သဘာဝဘေး အသိပညာပေး လုပ်ငန်းများ၊ သင်တန်းဖွင့်လှစ်ပို့ချခြင်းများ ဆောင်ရွက်ပေးနေသကဲ့သို့ ငလျင်ဘေး အပါအဝင် မုန်တိုင်းဘေး သဏ္ဌာန်တူသရုပ်ပြလေ့ကျင့်ခန်း၊ ရေဘေးသဏ္ဌာန်တူ သရုပ်ပြ လေ့ကျင့်ခန်းများကို ဆက်စပ်ဦးစီးဌာနများ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း ကာ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။

 

သို့ဖြစ်ရာ ယခုမိုးကြိုကာလတွင် ကြုံတွေ့ခဲ့ရသည့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ကာလများတွင် ဖြစ်ပွားနိုင်သော သဘာဝဘေး အန္တရာယ်အမျိုးမျိုးတို့ကို  ကြိုတင်မြော်တွေး၍   သဘာဝဘေးအန္တရာယ် မဖြစ်မီ၊ ဖြစ်ပွားစဉ်ကာလ၊  ဖြစ်ပြီးကာလများတွင်  ဆောင်ရွက်ဖွယ်ရာ  ကိစ္စအဝဝတို့ကို သက်ဆိုင်ရာဌာနများနှင့်အတူ ဒေသခံပြည်သူများ အတူပူးပေါင်း လက်တွဲပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားခြင်းဖြင့် သဘာဝဘေးထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ချ နိုင်မည်ဖြစ်ပါကြောင်း။     

 

ကြေးမုံ