ဒိုဟာ ၂၂ နိုဝင်ဘာ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် အာဖဂန်အစိုးရနှင့် တာလီဘန်အုပ်စုမှ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ အဖွဲ့ဝင်များကို ယမန်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့၌ တွေ့ဆုံခဲ့ရာ အမေရိကန်ပြည်ထောင်စုအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ တပ်ဖွဲ့ရုပ်သိမ်းမှု အရှိန်မြှင့်လုပ်ဆောင်နေစဉ် ၎င်းတို့၏ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။
ထို့အပြင် ပွန်ပီယိုသည် အငြင်းပွားမှု သိသိသာသာ လျှော့ချရေးအတွက် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ အဖွဲ့ဝင်များအား တောင်းဆိုခဲ့သလို နိုင်ငံရေးလမ်းပြမြေပုံနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ပြည့်ဝစုံလင်သော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများအပေါ်လည်း အားပေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။
ပွန်ပီယိုသည် အာဖဂန်အစိုးရနှင့် တာလီဘန်အုပ်အုပ်စုမှ စေ့စပ်ဆွေးနွေးပွဲ အဖွဲ့ဝင်များကို ဒိုဟာမြို့ရှိ ဇိန်ခံဟိုတယ်တစ်ခု၌ သီးခြားတွေ့ဆုံခဲ့ပြီး တာလီဘန်အုပ်စုမှ ဆွေးနွေးပွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် အချိန်တစ်နာရီကျော် ကြာမြင့်ကြောင်း သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မြို့ရှိ လူဦးရေထူထပ်သောနေရာများ၌ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် အမေရိကန် ထိပ်တန်းသံတမန်အနေဖြင့် ကာတာနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ တာလီဘန်အုပ်စုက မိမိတို့၏ လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ခဲ့ပြီး အိုင်အက်စ်စစ်သွေးကြွအုပ်စုက မိမိတို့၏ လက်ချက်ဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် မိုက်ပွန်ပီယိုသည် ကာတာဘုရင် ရှိတ်ခ်တာနိမ်ဘင်ဟာမက် အယ်လ်သာနီနှင့် ကာတာနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဘင်အဗ္ဒူလ်ရာမန် အယ်လ်သာနီတို့ကိုလည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
သို့သော် ပွန်ပီယိုသည် ဒိုဟာမြို့မှ မထွက်ခွာမီ တာလီဘန်နှင့် အာဖဂန်အစိုးရအကြား ဆွေးနွေးညှိနှိုင်းမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် တစ်စုံတစ်ခုမျှမရှိကြောင်း သိရသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အာဖဂန်နစ္စတန်နိုင်ငံ၏ အထက်တန်းကောင်စီဥက္ကဋ္ဌ အဗ္ဒူလာ အဗ္ဒူလာကမူ အစိုးရနှင့် တာလီဘန်အုပ်စုသည် ၎င်းတို့၏ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲကို အပြီးသတ်ခါနီးပြီဟု အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ယခုနှစ် ဖေဖော်ဝါရီလက အမေရိကန်နှင့် တာလီဘန်အုပ်စုအကြား သဘောတူချက်အရ အမေရိကန်ပြည်ထောင်စုသည် အာဖဂန်နစ္စတန်ရှိ ၎င်း၏ တပ်ဖွဲ့ဝင် ၂၀၀၀ ခန့်ကို မကြာမီ ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနက ယခုသီတင်းပတ်အစောပိုင်းတွင် ပြောကြားသည်။
ကိုးကား- အေအက်ဖ်ပီ
ဘာသာပြန်- ဂျေတီ