မိုးကုတ် ၂၇ ဒီဇင်ဘာ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်ဓာတ်အားစနစ်မှ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ (၅၀)ရာခိုင်နှုန်း လျှပ်စစ်မီးသုံးစွဲခြင်းအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မိုးကုတ်မြို့နယ် ဗမွန်စံပြကျေးရွာတွင် အိမ်သုံးမီတာများ တပ်ဆင်ပေးခြင်းနှင့် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်နှင့် မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှမိုးဦးမှ အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် မိုးကုတ်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသီဟဆွေမှ လျှပ်စစ်မီးအန္တရာယ် ကင်းစွာအသုံးပြုနိုင်ရေး အသိပညာပေးဟောပြောကာ လျှပ်စစ်မီးသုံးစွဲစဉ် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်း ပြောကြား ခဲ့သည်။လျှပ်စစ်မီးသုံးစွဲမှုသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေးနှင့် အများကြီးသက်ဆိုင်နေပြီး နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကို လျှပ်စစ်မီးသုံးစွဲမှုနှင့် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း၊ သို့အတွက် လျှပ်စစ်မီးကို မီးလင်းရေး အတွက်သာမကပဲ စက်မှုလက်မှုလုပ်ငန်းများအတွက်ပါ တိုးချဲ့လုပ်ကိုင်ကြစေရန် မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ကျေးရွာလူထုအား မှာကြားခဲ့သည်။
ဗမွန်ကျေးရွာသည် လက်ဖက်လုပ်ငန်းကို အဓိကလုပ်ကိုင်နေသည့်အတွက် လက်ဖက်စက်ရုံများကိုပင် ပြုလုပ်စေပြီး ကျေးရွားနှင့် မြို့ပြကွာဟမှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် ဗမွန်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ မိုးကုတ်မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးကျော်ရဲအောင်မှ ကျေးရွာပြည်သူလူထုအား လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာမြင့်(မိုးကုတ်)