မိုးကုတ် ၁၇ ဒီဇင်ဘာ

 

မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စု ပိန်းပြစ်အောက်ရွာတွင် အခြေခံပညာ အလယ်တန်းကျောင်းမှ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ အဆင့်တိုးမြှင့်ခြင်း အခမ်းအနားအား ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်၊ မိုးကုတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မိုးကုတ်မြို့နယ် ပညာရေးမှူး ဒေါ်ခင်ခင်လှတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစောသောင်းတင်က ကျောင်းသား မိဘများ အနေနှင့်လည်း ကျောင်းသားလူငယ်များအား ပညာရေး အလေးပေးရန်၊ သယံဇာတကို အားမကိုးဘဲ ပညာရေး အရင်းအမြစ်ကိုသာ အားထားလုပ်ဆောင်ကြရန် မှာကြားခဲ့သည်။

 

ဆက်လက်၍ ပိန်းပြစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းမှ အထက်တန်းကျောင်း (ခွဲ) ဖြစ်မြောက်လာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းမှ ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရအလံများ အသီးသီး ပေးအပ် ခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇေယျာမြင့်(မိုးကုတ်)