မိုးကုတ်  ၈  ဒီဇင်ဘာ

 

၂၀၁၉ ခုနှစ်- မြန်မာနိုင်ငံ တစ်ဝန်း အိမ်ထောင်စု (၅၀ ရာခိုင်နှုန်း )မီးလင်းပေးနိုင်ခြင်းအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးကုတ်မြို့နယ် ချောင်းကြီးအလယ်ရွာတွင် အိမ်သုံးမီတာများ အလုံးအရင်းဖြင့် တပ်ဆင်ပေးခြင်း အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီခွဲ အချိန်တွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် မိုးကုတ်မြို့နယ်လျှပ်စစ် မန်နေဂျာဦးကျော်ရဲအောင်မှ အဖွင့်အမှာစကား ပြောကြားကာ မိုးကုတ်မြို့နယ် ဒုတိယလျှပ်စစ်မန်နေဂျာ(အင်/ယာ) ဦးသီဟဆွေမှလျှပ်စစ်မီး အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရေး အသိပညာပေးပြောကြားပြီး လျှပ်စစ်မီးသည်သုံးတတ်လျှင် မိတ်ဆွေဖြစ်သလိုမသုံးတတ်လျှင် မိမိအသက်ကိုပါရန်ရှာသည့်ရန်သူပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့ကြောင့် လျှပ်စစ်မီးအားသတိကြီးစွာထား၍ အသုံးပြုကြရန်နှင့် လျှပ်စစ်မီးအန္တရာယ်ဖြစ်ပွားပါက တတ်သိနားလည်သူများအား ချက်ချင်းအကြောင်းကြားရန် မှာကြားခဲ့သည်။ ထို့နောက်ချောင်းကြီး အလယ်ရွာ လျှပ်စစ်မီးလင်းရေး ကော်မတီမှဦးတင့်လွင်က ကျေးရွာလူထု ကိုယ်စားကျေးဇူးတင် စကားပြောကြားပြီး မိမိတို့ရပ်ရပ်ရွာအနေဖြင့် လျှပ်စစ်မီးရရှိမှုအပေါ် အလွန်ပင်ဝမ်းမြောက်ကြောင်း၊ လျှပ်စစ်မီးရရှိခြင်းအားဖြင့် ကျေးရွာနေပြည်သူများ ထမင်း၊ဟင်းချက်ရာတွင်အချိန်ကုန်သက်သာ၍ မိမိတို့လုပ်ငန်းများအား ပိုမိုလုပ်ကိုင်နိုင်လာတော့မည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေနှင့်လည်း ထင်းသုံးစွဲမှုအားလျှော့ချ သုံးစွဲလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မိုးကုတ်မြို့နယ် လျှပ်စစ်ဌာနဝန်ထမ်းများမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးအပ်ကာချောင်းကြီး အလယ်ရွယတွင်အိမ်တိုင်ရာရောက် လျှပ်စစ်မီတာများ တပ်ဆင်ပေးလျှက်ရှိကြောင်း သိရသည်။

 

ကျော်ဇေယျာမြင့်(မိုးကုတ်)