မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ကို စက်တင်ဘာလမှ ဒီဇင်ဘာလ ဒုတိယပတ်ထိ အချိန် သုံးလခွဲခန့်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၄၀ဝ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
မိုးကုတ်ဒေသသို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုလာရောက် လည်ပတ် လာစေရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ ခရီးသွား လုပ်ငန်းရှင် အသင်းနှင့် ဒေသခံ ခရီးသွားလုပ်ငန်းများက ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
"နိုင်ငံခြားသားတွေက များသောအားဖြင့် မိုးကုတ်ထွက်တဲ့ကျောက်မျက်ရတနာတွေ လေ့လာဖို့ရယ်၊ ထာပွဲတွေကို လေ့လာတာများတယ်၊ ပြီးတော့ ဘားနက်စ်မှာရှိတဲ့ စစ်သင်္ချိုင်းကို လေ့လာတာများတယ်။ နောက်ပြီး ကျောက်မျက်တွေနဲ့ စီခြယ်ထားတဲ့ ကျောက်ပန်းချီတွေကို လေ့လာတယ် ဝယ်ယူတယ်" ဟု မိုးကုတ်ထာပွဲ ကုန်သည်ပွဲစားများအသင်းမှ နာယက ဖြစ်သူ ဦးမြတ်ထွန်းက ပြောသည်။
မိုးကုတ်မြို့၏ပတ်ဝန်းကျင်တွင်လည်း ပေငါးထောင် အထက်ရှိနေသည့် တောင်မဲတောင် ကြေးနီတောင်၊ ပင့်ကူတောင်နှင့် ဒေါ်နန်းကြည်တောင် စသည့်တောင်များ ရှိနေသည်။ မိုးကုတ်မြို့၏အထင်ကရ နေရာများဖြစ်သည့် ကျောက်ပြာသာဒ်၊ ဖောင်တော်ဦး ပတ္တမြားစေတီ၊ ချမ်းသာကြီးဘုရားနှင့် ဘားနက်စ်ဒေသရှိ ဗြိတိသျှ စစ်သင်္ချိုင်းမှာလည်း ခရီးသွားများကို စိတ်ဝင်စားဖွယ် ဖြစ်စေသည်။
ထို့ပြင် ဒေသတွင်း နေထိုင်ကြသည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့စရိုက်၊ သဘာဝများမှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သဖြင့် မိုးကုတ်ဒေသသို့ နိုင်ငံတကာ ခရီးသွားများ လာရောက်လည်ပတ်နေ ကြခြင်းဖြစ်သည်။
မိုးကုတ်ဒေသသို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုလာရောက် လည်ပတ်လာစေရေးအတွက် လွန်ခဲ့သည့် စက်တင်ဘာလမှစ၍ နိုင်ငံတကာ ခရီးသွားများ လည်ပတ်သွားလာမှုများနှင့် ပတ်သက်၍ ဖြေလျှော့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရိန်လင်း