မိုးကုတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းကာ မြေပြိုကျမှုကြောင့် တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ

မိုးကုတ် ၆ ဇွန်

 

မိုးကုတ်မြို့တွင် ဇွန်လ ၆ ရက် မနက်အစောပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းကာ မြေပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦး မြေပိသေဆုံးခဲ့ကာ လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

မိုးအဆက်မပြတ်  ရွာသွန်းမှုကြောင့် မိုးကုတ်မြို့ရှိ ဘီးတောင်ရပ်ကွက် ၊ အောင်သာယာရပ်ကွက် နှင့် စသည့်နေရာများတွင်  မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

 

mdn

 

" မိုးက မနေ့ကတည်းက အဆက်မပြတ်ရွာနေတာ။ မြေပြိုတာတော့ မနက် ၂ နာရီလောက် ဘီးတောင်ရပ်ကွက်က နေအိမ်တစ်လုံးပြိုတယ်။ သေဆုံးတာတော့ တစ်ယောက်တည်းပါ တစ်ယောက်က ခါးပိုင်းကို ဒဏ်ရာရသွားတယ်။" ဟု မြတ်စေတနာ လူမှုကူညီရေးအသင်းမှ ကိုဖက်တီးက ပြောသည်။

 

မိုးကုတ်မြို့တွင် မိုးရာသီကာလ၌ ရေကြီးမြေပြိုမှုများ  မကြာခဏ ဖြစ်ပွားနေပြီး ထိခိုက်ဒဏ်ရှိသူများနှင့် သေဆုံးသူများ ရှိခဲ့သည်။

 

ပြီးခဲ့သည့်နှစ် မိုးရာသီကာလအတွင်းတွင် မိုးကုတ်မြို့ အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်၌ ဇွန်လ ၁၄ ရက်နေ့က မြေပြိုကျမှုကြောင့် လူနေအိမ်သုံးလုံးပြိုကျကာ လူငါးဦးသေဆုံးခဲ့ရသည်။

 

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်  ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်း သတိထားရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

 

သူရိန်လင်း