နေပြည်တော် ဖေဖော်ဝါရီ  ၂၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးလေဝသခန့်မှန်းချက်များနှင့် ကြိုတင် သတိပေးချက်များအပေါ် သိမြင်နားလည်မှုစွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capacity Building Training for Forecast Translation) သင်တန်းဖွင့်ပွဲကို အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သူအရာရှိများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိကျသေချာသည့် ကြိုတင်သတိပေးချက်များသည် ဘေး ကြောင့်ထိခိုက်ဆုံးရှုံးမှုများကို ၃၀ ရာခိုင်နှုန်းလျှော့ချပေးနိုင်သည်ဟု ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် (WMO)က ပြောကြားထားကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)အရ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများ၌ Global Target (၇)ခု ချမှတ်ဆောင်ရွက်နေကြပြီး ၎င်းထဲမှ ဆန်ဒိုင်းမူဘောင်၏ Target G ဖြစ်သည့် Early Warning and Risk Information အရ ၂၀၃၀ ပြည့်နှစ်တွင် ဘေးအန္တရာယ် ပေါင်းစုံအတွက် ကြိုတင်သတိပေးစနစ်များနှင့် ဘေးအန္တရာယ်ဆိုင်ရာသတိပေးအချက်အလက် များ၊ အကဲဖြတ်မှုများကို လူတိုင်းရယူအသုံးချနိုင်ရေး ဦးတည်အကောင်အထည်ဖော် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်သွားနိုင်ရန် ၂၀၂၂ ခုနှစ်၌ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်အဖြစ် “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင် ဆောင်ရွက် အားလုံးအတွက် - Early Warning and Early Action For All” ဟူ၍ အသိ ပညာပေးမြှင့်တင်မှုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်သတိပေးချက်များကို ရှင်းလင်းစွာ နားလည်သဘောပေါက်ပြီး လိုအပ်သောစီမံခန့်ခွဲမှုများကို လုပ်ဆောင်ခြင်းသည် ဝန်ကြီးဌာန၏ မူဝါဒလမ်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အတွက် အထောက်အပံ့တစ်ခုလည်း ဖြစ်စေကြောင်း၊ တက်ရောက် လာကြသည့် သင်တန်းသား သင်တန်းသူများက သင်တန်းတွင်ပို့ချသည့် ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများကို ဂရုတစိုက် လေ့လာကြရန်မှာကြားလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းများဆောင်ရွက်နိုင်ရန် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တပြေးညီ သဘာဝဘေးကြိုတင်သတိပေးချက်များ ထုတ်ပြန်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ပြန်လိုက်သည့် ကြိုတင်သတိပေးချက်များကို သဘာဝဘေးနှင့်ပတ်သက်ပြီး စီမံခန့်ခွဲသူများ၊ အမှန်တကယ်အသုံးပြုသူများက ကောင်းမွန်စွာနားလည်ပြီး ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် အသုံးချနိုင်ရန် အလွန်အရေးပါ သည့်အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အဆိုပါ သင်တန်းသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သင်တန်းသားအရာရှိ (၃၁)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ  ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်