မိုးလုံးကျွက်ကျွက်ညံ မောင်းကွဲကြီးအသံ လာပြန်ပေါ့

ကိုရင်ဩ

ဥရောပတိုက်လုံးဆိုင်ရာ ရွေးကောက်ပွဲကြီးကို လေးရက်တိုင်မျှ ဝှဲချီးသဘင် ဆင်ယင်ကျင်းပခဲ့ပြီးနောက် ပေါ်ထွက်လာသော ရွေးကောက်ပွဲရလဒ်များအရ ဥရောပသမဂ္ဂ (အီးယူ) ၏ အနာဂတ်ရေးနှင့်ပတ်သက်၍ အကွဲအပြဲကြီးထွားလာနိုင်မှုကို အထင်အရှား တွေ့မြင်လာကြရလိမ့်မည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရ သောအခါ နိုင်ငံရေးအရလည်းကောင်း၊ စီးပွားရေးအရလည်းကောင်း ခိုင်မာစွာ နှောင်ကြိုးစည်းထားသော အဖွဲ့ဝင် ၂၈ နိုင်ငံပါ ယင်းအဖွဲ့အစည်းကြီးအား ဆန့်တငင်ငင်ဖြစ်စေမည့် အကြောင်းခြင်းရာများ အသို့ရှိနေသည်ကို စေ့ငုလေ့လာမိလေ၏။

မေ ၂၃ ရက်မှ ၂၆ ရက်အထိ ဥရောပအဝှန့်တွင်ကျင်းပခဲ့သော ဥရောပပါလီမန် ရွေးကောက်ပွဲကြီးသည်ကား အစဉ်အလာကြီးမားလှသည့် ရွေးကောက်ပွဲကြီးဖြစ်၏။ အကြောင်းမူကား ဥရောပပါလီမန် (ဝါ) အီးပီ၏ အခန်းကဏ္ဍမှာ လွန်စွာထည်ဝါလွန်းလှပြီး ဥရောပသမဂ္ဂ အဖွဲ့အစည်းတစ်ရပ်လုံးနှင့် သက်ဆိုင်နေသော အရေးကိစ္စရပ်အားလုံးကို ဒီမိုကရေစီနည်းလမ်းနှင့်အညီ ဆွေးနွေးငြင်းခုံကြလျက် အဖြေရှာနိုင်ခြင်းကြောင့်ပါပေတည်း။

အီးယူ၏ တစ်ခုတည်းသော နိုင်ငံရေး “အင်စတီကျူးယှင်းကြီး”  (ဝါ) ပါလီမန်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်သော အီးယူနိုင်ငံသားတိုင်းက တိုက်ရိုက် ရွေးချယ်တင်မြှောက်ခွင့် ရှိ၏။

ပိုမိုနေရာရ

အမတ် ၇၅၁ ဦးရှိ ဥရောပပါလီမန်သစ် ပေါ်ထွန်းလာ ရေးအတွက် ဥရောပတစ်ခွင် ပြဲပြဲစင်အောင် မဲပေးပွဲများ ပြုလုပ်ခဲ့ကြပြီး မေ ၂၆ ရက် အီးယူက ထုတ်ပြန်သော ပဏာမမဲရလဒ်အရ အောက်ခြေလူတန်းစားအရေး အလေးပေးသော နိုင်ငံရေးသမားများ(ဝါ) “ပေါ်ပြူလစ်များ” နှင့် အမျိုးသားရေးဝါဒီများက အီးပီရှိအမတ်နေရာ အရေအတွက်၏ ၂၅ ရာခိုင်နှုန်းခန့်အထိ ရရှိနိုင်သည်ဟုခန့်မှန်းရသည်။  လွန်ခဲ့သည့်ငါးနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ၂၀ ရာခိုင်နှုန်းသာရရှိခဲ့ရာ မှ ပိုမိုနေရာရလာခြင်းဖြစ်သည်။

သို့ရာတွင် ဥရောပပေါင်းစည်းရေးဝါဒီ (ဝါ) Pro-European မဲဆန္ဒရှင်များက ယခင်ရွေးကောက်ပွဲများထက် ပိုမိုတကြွ်ကစွာ မဲပေးခဲ့ကြရာ အသွေးအရောင်စုံ နိုင်ငံရေးသမားများ ပါဝင်လာမည့် ပါလီမန်သစ်ကြီး ပေါ်ပေါက်လာရန် တာစူလျက်ရှိနေလေပြီ။ ဤသည်ကား ဝါဒသဘောတရားရေးရာအရ အလျဉ်မပြတ် ပြဒါး တစ်လမ်း၊ သံတစ်လမ်းဖြစ်မှုကို ညွှန်းဆိုမည့် ပါလီမန်အဖြစ် ရပ်တည်လာရမည့် လက္ခဏာပါပေတည်း။

ယခုတစ်ကြိမ် မဲပေးပွဲတွင် ပုံမှန်ထက် မဲပေးသူဦးရေ တိုးလာခဲ့ခြင်းက မဲဆန္ဒရှင်များအတွင်းမှာပင် အပြိုင်အဆိုင်ရှိနေမှုကို ပြသနေ၏။ အသည်းကြားမှ မဲတစ်ပြား ကို တန်ဖိုးထားကြလျက် ဥရောပ အနာဂတ်အရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် ပါဝင်ကြခြင်း ဖြစ်၏။

ရုပ်လုံးပေါ်တော့မည်

ယခုအချိန်တွင်မူ ရွေးကောက်ပွဲရလဒ်က ဘွင်းဘွင်း ရှင်းရှင်း ရုပ်လုံးပေါ်လာတော့မည်။ ဥရောပသမဂ္ဂ၏ အနာဂတ်ကို ရှုမြော်ကြည့်သော် ပေါ်ပြူလစ်များနှင့် အမျိုးသားရေးဝါဒီများက တစ်ဖက်၊ စုစည်းညီညွတ်သော ဥရောပအဖြစ် ဆက်လက်၍ အသက်သွင်းလိုသူများက တစ်ဖက် ဒွန်တွဲလွန်ဆွဲကြခြင်းဖြင့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်လာကြမည့် အနေအထားကို ညွှန်းဆိုလျက်ရှိကြောင်း အကဲခတ်ရလေသည်။

“သာလာယံဇရပ် လူစုံတက် အသံပေါင်းစုံထွက်”  ဟူဘိသို့ပင် ဥရောပပါလီမန်အသစ်မှာ ရောင်စုံအသံများ ပိုမိုပေါ်ထွက်လာမည့်နေရာအဖြစ် အသက်ဝင်လာပေ လိမ့်မည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၂၈ နိုင်ငံစလုံးတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၄၂၆ သန်းရှိပြီး မဲပေးသူဦးရေမှာ နှစ်ပေါင်း ၂၀ အတွင်း အများဆုံးဖြစ်ခဲ့သည်။ လက်ယာဝါဒီ အမျိုးသားရေးဝါဒီများသည် ဥရောပသို့ ရွှေ့ပြောင်းအခြေစိုက် ဝင်ရောက်မှုကို ဆန့်ကျင်သူများ ဖြစ်ကြပြီး အီးယူ၏ မူဝါဒများကို ပြင်ဆင်နိုင်မည့် ကိုယ်စားလှယ်များ အောင်ပွဲခံမည်ဟု မျှော်လင့်ရလေသည်။

အီတလီနိုင်ငံ၌ ရွှေ့ပြောင်းအခြေစိုက်မှု ဆန့်ကျင်ရေး၊ အစ္စလာမ္မစ် ဆန့်ကျင်ရေးသမားကြီး ပြည်ထဲရေးဝန်ကြီး မက်တီအိုဆယ်လ်ဗီနီကသူ၏ လက်ယာယိမ်းလိဂ်ပါတီ (ဝါ) League Party သာ အနိုင်ရမည်ဆိုလျှင် ဥရောပ တစ်တိုက်လုံး အားလုံးပြောင်းလဲသွားလိမ့်မည်ဟုဆိုကာ မဲဆွယ်စည်းရုံးခဲ့သည်။

သဘောထားတင်းမာသည့် မူဝါဒများကို ကိုင်စွဲလျက်ဥရောပပါလီမန်တွင် ပေါ်ပြူလစ်များပါဝင်သည့် အုပ်စုတစ်စု ပိုမိုအားကောင်းလာစေရန် ဆယ်လ်ဗီနီက ကြိုးပမ်းခဲ့သည်။ အဆိုပါ ပေါ်ပြူလစ်အုပ်စုတွင် ပြင်သစ်၊ ဂျာမနီနှင့် ဩစတြီးယားနိုင်ငံတို့မှ လက်ယာစွန်းရောက် နိုင်ငံရေး သမားများ ပါဝင်လျက်ရှိသည်။

ဥရောပစံတန်ဖိုး

အီးယူပါလီမန်ရွေးကောက်ပွဲတွင် အားပြိုင်မှုကို အလေးအနက်ပြသနိုင်သည့် နိုင်ငံမှာ ပြင်သစ်နိုင်ငံဖြစ်သည်။ အီးယူပေါင်းစည်းရေးကို လိုလားသော သမ္မတအီမင်နျူယမ် မေခရွန်နှင့် ရွှေ့ပြောင်းအခြေစိုက်မှု ဆန့်ကျင်ရေး လက်ယာစွန်းရောက် အမျိုးသမီး နိုင်ငံရေးသမားကြီး မာရီလပန်းတို့အကြား အကြိတ်အနယ် အားပြိုင်ခဲ့ကြသည်။ သူတို့နှစ်ဦးမှာ ဥရောပ၏ စံတန်ဖိုးများနှင့်ပတ်သက်၍ တစ်မျိုးတစ်ဘာသာစီ အဓိပ္ပာယ်ဖွင့်ဆိုကြကာ ပေကတ်ကတ်ဖြင့် အားပြိုင်နေကြသူများဖြစ်ကြသည်။

ဥရောပတိုက် ပေါင်းစည်းမှု အားကောင်းရေးဘက်မှရပ်တည်သူ မေခရွန်သည် အီးယူဘတ်ဂျက်အတွက် ငွေကြေးပိုမိုထည့်ဝင်ကြရန်၊ အီးယူလုံခြုံရေးအတွက် စစ်သည်များ ပိုမိုစေလွှတ်ကြရန်၊ အီးယူအဖွဲ့ကြီး ကမ္ဘာ့အလယ် ပိုမိုတင့်တယ် ဝင့်ထည်ရေးအတွက် ကြိုးပမ်းကြရန် အဖွဲ့ဝင်နိုင်ငံများအား အစဉ်အမြဲ တိုက်တွန်းနေသူဖြစ်၏။

မေခရွန်နှင့် မာရီလပန်းတို့မှာ တဇောင်းစေးနှင့်မျက်ချေးပမာ နင်ပဲငဆ ပြင်းပြင်းထန်ထန် ဝေဖန်ကြလေ့ရှိသည်။ “အမျိုးသားရေးဝါဒီ”ဟူသည် အနာကြီးရောဂါ သည်ပမာ မိမိ၏ ခန္ဓာကိုယ်အတွင်းမှာပင် လှိုက်စားနေသူအဖြစ် မေခရွန်က ဝေဖန်ခဲ့ပြီး အီးယူအတွင်း အသားထဲမှ လောက်ထွက်မှုကိုဖြစ်စေသည့် “လောက်ကောင်” အဖြစ်လည်းညွှန်းဆိုခဲ့သည်။

ဥရောပတိုက်အတွင်းသို့ ပြင်ပကမ္ဘာ(ဝါ) အခြား တိုက်ကြီးများမှ လူအများ အလုံးအရင်းဖြင့် ဝင်ရောက်လာ ခြင်းသည်လည်းကောင်း၊ “ကမ္ဘာနှင့်ချီ လက်တွဲဆောင်ရွက်ရေး” (ဝါ) ဂလိုဘယ်လိုက်ဇေးယှင်းကို အထိန်းအချုပ် အကန့်အသတ်မရှိ ခွင့်ပြုပေးခြင်းသည်လည်းကောင်း၊ ဥရောပ၏ စံတန်ဖိုးများကို ဖျက်ချိုးရာရောက်လိမ့်မည်ဟု မာရီလပန်းက ပိဿာလေးနှင့် နံဘေးပစ်သလို ပြောဆိုခဲ့၏။

မာရီလပန်း၏ပါတီသည် ၂၀၁၄ ခုနှစ် ဥရောပပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်ပါတီဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုကို မိမိ၏နိုင်ငံအတွင်း၌သာ ပြုလုပ်ရုံမျှဖြင့် မတင်းတိမ်သေးဘဲ ဥရောပမြို့တော် အများအပြားသို့ သွားရောက်ကာ ပေါ် ပြူလစ်အမတ်လောင်းများအား မဲဆန္ဒရှင်များ ပိုမိုထောက်ခံလာစေရေးအတွက် ဆွဲဆောင်စည်းရုံးခဲ့သေးသည်။

ဂျာမနီ

ဥရောပသမဂ္ဂအတွင်း လူဦးရေ အများဆုံးနိုင်ငံဖြစ်သော ဂျာမနီနိုင်ငံ၌မူ အာဏာရပါတီများ အရှုံးနှင့်ရင်ဆိုင်ရဖွယ်ရှိနေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများ၏ “ဂရင်း” ပါတီနှင့် လက်ယာစွန်းရောက် “အောလ်တာနေးတစ်ဖော် ဂျာမနီ” ပါတီတို့ အရေးသာ လျက်ရှိသည်။

ဂျာမနီနိုင်ငံ၏ ကာလသမနိ အရှည်ကြာဆုံး ဝန်ကြီးချုပ် အိန်ဂျလာမာကယ်လ် လွန်ခဲ့သည့်နှစ်က စီဒီယူပါတီခေါင်းဆောင်နေရာကို စွန့်လွှတ်ခဲ့ပြီးချိန်နောက်ပိုင်း ပါတီခေါင်းဆောင်သစ် အန်နီဂရက် ကရမ့်ကာ ရင်ဘောမှာ အပြင်းထန်ဆုံးစမ်းသပ်မှုနှင့် ရင်ဆိုင်ရသော ရွေးကောက်ပွဲကို ဖြတ်သန်းခဲ့ရသည်။

ဥရောပပါလီမန်၌ အမတ်နေရာ ၉၆ နေရာအတွက် ခွဲတမ်းရရှိထားသော ဂျာမနီနိုင်ငံ၏ အမတ်နေရာအများအပြားကို ပါတီငယ်များရရှိလာမည့် အလားအလာကို တွေ့မြင်နေရသည်။ ပေါ်ပြူလစ်များနှင့် လူဝင်မှုဆန့်ကျင်ရေး အင်အားစုများအတွက် အခွင့်အခါကောင်းကို ဖော်ကျူးနေသော ရွေးကောက်ပွဲအဖြစ် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်းက ဆိုသည်။

ဗြိတိန်

ဥရောပသမဂ္ဂမှ မတ်လတွင် နုတ်ထွက်ရန် အစီအစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ရသည့် ဗြိတိန်နိုင်ငံတွင်မူ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပွဲကို ကပျာကသီ ပြုလုပ်ခဲ့ကာ ရွေးကောက်ပွဲဝင်ခဲ့သည်။ “အီးယူမှ ဗြိတိန်နုတ်ထွက်ရေး”(ဘရီးဇစ်) (ဝါ) Brexit  ၂၀၁၆ ခုနှစ် ပြည်သူ့ဆန္ဒခံယူပွဲက မီးထိုးပေးခဲ့သော နိုင်ငံရေးအကျပ်အတည်း အရှိန်အဟုန် မြင့်လာစဉ်မှာပင် မေ ၂၃ ရက်က အီးယူရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

“ဘရီးဇစ်”ကိစ္စနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန်၏ အကျောက်အကန် ငြင်းဆန်မှုနှင့် ရင်ဆိုင်ခဲ့ရအပြီး လာမည့် ဇွန် ၇ ရက်တွင် ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်ရာထူးမှ ဆင်းပေးပါမည်ဟု မျက်ရည်လည်ရွဲဖြင့် ကြေညာခဲ့သူ ဝန်ကြီးချုပ် ထရေဆာမေ၏ ပါတီရော၊ အတိုက်အခံလေဘာပါတီပါ အီးယူရွေးကောက်ပွဲတွင် မျှော်လင့်ချက်များ ထားရှိကြလေသည်။

ဩစတြီးယားနိုင်ငံတွင်မူ လက်ယာစွန်းရောက် ဖရီးဒမ်းပါတီ အထိနာစေသော အရှုပ်တော်ပုံတစ်ရပ်အတွင်း အာဏာရညွန့်ပေါင်းအဖွဲ့ ရုတ်ခြည်းပြိုလဲခဲ့ပြီး နောက် နိုင်ငံရေးအရှုပ်အထွေးများ ဆက်လက်ဖြစ်ပေါ် နေချိန်တွင် အီးယူရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။

ပထဝီဝင်နယ်မြေအရလည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း၊ သမိုင်းကြောင်း အစဉ်အလာအရလည်းကောင်း မတူကွဲပြားသော နိုင်ငံများဖြင့် ဖွဲ့စည်းထားသော ဥရောပတိုက်သည် မြောက်ကမ္ဘာလုံးခြမ်းနှင့် အရှေ့ကမ္ဘာလုံးခြမ်းတို့တွင် တည်ရှိနေပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးခဲ့ချိန်မှစ၍ နိုင်ငံရေးနှင့် ဝါဒသဘောတရားရေးရာတို့အရ အကွဲအပြဲ အက်ကြောင်းများ အစဉ်အမြဲပေါ်ထွက်ခဲ့ပုံကို ကျွန်ုပ်တို့ တွေ့မြင်ကြရသည်။

ကိုးကွယ်ယုံကြည်မှု မတူသူများ ရွှေ့ပြောင်းအခြေစိုက်နေထိုင်မှုကို မာရီလပန်းကဲ့သို့သော အမျိုးသား ရေးဝါဒီများက အကျောက်အကန် ငြင်းဆန်နေခြင်းသည် ဥရောပစည်းလုံးညီညွတ်မှုကို ပျက်ပြားစေသော “အက်ကြောင်း” တစ်ခုအဖြစ် တွေ့မြင်ရသကဲ့သို့ “ဘရီးဇစ်” သည်လည်း အီးယူ၏ အထင်ကရ “အက်ကြောင်း” တစ်ခု ဖြစ်လာခဲ့ပေပြီ။

အကယ်တန္တု “ဘရီးဇစ်”သည် အကြောက်တရားအပေါ် အခြေခံသော နိုင်ငံရေးလှုပ်ရှားမှုများအနက် လှုပ်ရှားမှုတစ်ရပ်ဟု ဆိုနိုင်၏။

အီးယူမှ ဗြိတိန်နုတ်ထွက်ခြင်းဖြင့် ဗြိတိန်နိုင်ငံရော၊ ဥရောပသမဂ္ဂပါ ပိုမိုအင်အားနည်းသွားမည်ဟု ယူဆရသည်။ သဘောထားတင်းမာသူများက ခွဲရေးဘက်မှ ဆုံးဖြတ်ခဲ့ကြသော်လည်း လုံးဝခွဲထွက်ပြီးချိန်တွင် စီးပွားရေးကို စဉ်ဆက်မပြတ် ရှင်သန်ကြီးထွားနေအောင် ဆက်လက်လုပ်ဆောင်ရာတွင် စိန်ခေါ်မှုအများအပြား နှင့် ရင်ဆိုင်တွေ့ကြုံလာရဖွယ်ရှိလေသည်။ “တွဲရေး”မှ ရရှိလာသော အကျိုးတရားများထက် “ခွဲရေး”မှ ပေးစွမ်းလာနိုင်သော အဆိုးတရားများက အလေးသာ လာမည်ဆိုလျှင် “ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ” ဖြစ်ရလိမ့်မည်။

ဘာသာရေးနှင့် နိုင်ငံရေးအရ သဘောကွဲလွဲမှုပြင်းထန်သော အရှေ့ဥရောပတွင် အက်ကြောင်းများ ပြသခဲ့ကြသည့်နည်းတူ စပိန်နှင့် ပိုလန်ကဲ့သို့သော ဥရောပ၏ အခြားနိုင်ငံကြီးများတွင်လည်း မညီညွတ်မှု သရုပ်သကန်များကို သတင်းစာမျက်နှာများပေါ်တွင် အထင်အရှား ပြသခဲ့ပြီးဖြစ်၏။

အသစ်ပေါ်ထွန်းလာမည့် ဥရောပပါလီမန်တွင် အမျိုးသားရေးဝါဒီများက တစ်ဖက်၊ ဥရောပ ပေါင်းစည်းရေးဝါဒီများကတစ်ဖက် ဒွန်တွဲလွန်ဆွဲလာကြခြင်းဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးထိပ်ပန်ဆင်ကာ ကမ္ဘာ့အလယ် တင့်တည်ဝင့်ထည်ခဲ့သော ဥရောပသမဂ္ဂအဖွဲ့ကြီးသည် အက်ကြောင်းများဖြင့်ပြွမ်းတီးသော အဖွဲ့အစည်းကြီးအဖြစ် ကမ္ဘာကို အထင်အရှား ပြသလာဦးမည်လောဟု တွေးတောမိရင်း “မိုးလုံးကျွက်ကျွက်ညံ မောင်းကွဲကြီးအသံလာပြန်ပေါ့”ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။

Ref: European Election Results Show Growing Split Over Union’s Future