ရန်ကုန် ၂၁ ဇူလိုင် 

 

မြို့မအမျိုးသားကျောင်းရာပြည့်သဘင် (၁၉၂၀-၂၀၂၀) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီရုံးဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အ.ထ.က(၂) ဒဂုံ(မြို့မကျောင်း)တွင် ကျင်းပသည်။

 

အဆိုပါအခမ်းအနားတွင် မြို့မအမျိုးသားကျောင်းရာပြည့်သဘင် ကျင်းပရေးလုပ်ငန်းကော်မတီရုံး ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရင်က ရာပြည့်သဘင်ကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြို့မအမျိုးသားကျောင်းရာပြည့်သဘင် ကျင်းပရေးလုပ်ငန်းကော်မတီရုံး ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးသည်။ 

 

"မြို့မကျောင်းက ၁၉၂၀ ခုနှစ်မှာ ဖွင့်လှစ်တဲ့အတွက် ၂၀၂၀ ပြည့်နှစ်မှာ နှစ်တစ်ရာပြည့်ပါပြီ။ ရန်ကုန်တက္ကသိုလ်နဲ့လည်း တစ်ချိန်တည်းပါပဲ။ ရာပြည့်ပွဲကျင်းပရန်အတွက် ၂၀၁၆ ခုနှစ်  ကတည်းက ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပွဲအကြီးတခါ လုပ်ခဲ့ပြီးပါပြီ။ ၂၀၁၉ ခုနှစ်မှာလည်း ပွဲတစ်ပွဲ ဆက်လက်လုပ်ဆောင်သွားမှာပါ။ ၂၀၂၀ ပြည့်မှာတော့ အကြီးဆုံးပွဲကို ကျင်းပပြုလုပ်သွားမှာပါ။ အဲဒီအချိန်ကျမှ လုပ်ငန်းတာဝန် ပြီးဆုံးမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလမှာ တာဝန်ပြီးဆုံးမှာပါ။ အရင်နှစ်လိုပဲ ပျော်ပွဲရွှင်ပွဲတွေ အားကစားပြိုင်ပွဲတွေ စာစီစာကုံးပြိုင်ပွဲတွေ ကျင်းပသွားမှာပါ။ ရှေးဟောင်းမြို့မ အစဉ်အလာမပျက် ကျင်းပခဲ့တဲ့အစီစဉ်တွေအတိုင်း ကျင်းပပြုလုပ်သွားမှာပါ။ နောင်နှစ် ၂၀၂၀ ဆိုရင် ဒီထက်အခမ်းအနား ပိုကြီးမှာဖြစ်တဲ့အတွက် မိုင်ဒါကွင်းထဲမှာပါကျင်းပရမယ့် အခြေအနေအထိ ရည်ရွယ်ထားပါတယ်"ဟု မြို့မကျောင်း နှစ်တစ်ရာပြည့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရင်က ပြောသည်။

 

မြို့မကျောင်း နှစ်တရာပြည့်အခမ်းအနား ကျင်းပနိုင်ရန်အတွက် ၂၀၁၆ ခုနှစ်တွင် စတင်စီမံချက်ရေးဆွဲခဲ့ကြပြီး ရာပြည့်သဘင် အခမ်းအနားများကိုနှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင်လည်း အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ မြို့မကျောင်းရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းကော်မတီရုံး ဖွင့်လှစ်ရခြင်းမှာလည်း မြို့မ အမျိုးသားကျောင်း ရာပြည့်သဘင်အခမ်းအနားတွင် ကျောင်းသားကျောင်းသူဟောင်းများနှင့် ကျောင်းသားများ ပိုမိုသိရှိလာစေရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

မြို့မ အမျိုးသားအထက်တန်းကျောင်း (အထက(၂) ဒဂုံ)ကျောင်းသည် ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်သပိတ်မှောက်ခဲ့သော ကျောင်းသားများက ၁၉၂၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည့် အမျိုးသားကျောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ကျောင်းဆောင်အဆောက်အဦးကို ဆရာကြီးဦးဘလွင်က ဦးဆောင်တည်ဆောက်ခဲ့ကြောင်းနှင့် နိုင်ငံ့ခေါင်းဆောင်များကို မွေးထုတ်ပေးခဲ့သည့် သမိုင်းဝင် စာသင်ကျောင်းကြီးဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နေလင်း