နေပြည်တော် ၅ မေ
ဒေါ့ဖုန်းယန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃ ရက် ည ၇ နာရီခွဲက မိုးမောက်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်သွား ကားလမ်းနှင့် ဒေါ့ဖုန်းယန်-ကုန်းလောသွားကား လမ်းဆုံတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ မဘောက်ဆန်နှင့် မခွန်မိုင်တို့၏ ခရီးဆောင်အိတ်များအတွင်းမှ ဘိန်းဖြူ သုည ဒသမ ၄၃ ကီလို သိမ်းဆည်းရမိခဲ့သည်။
အလားတူ မေ ၄ ရက် နံနက် ၃ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ အေးရှားဝေါ တိုးဂိတ်ဟောင်းအနီးရှိ ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မြင့်သန်းဦးမောင်းနှင်ပြီး စိုင်းထက်အောင် လိုက်ပါလာသည့် Nissan Diesel အမျိုးအစား၊ ၁၂ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ အမိုနီယမ်နိုက်ထရိတ် ၁၅,၀၀၀ ကီလိုကို လည်းကောင်း။
ထို့အတူ မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်-ကျိုင်းတုံသွားကားလမ်း၊ ကီလိုမီတာ(၇၀၆)နှင့် (၇၀၇)ကြားတွင် လမ်းလျှောက်လာသော အမျိုးသား ၂ ဦးအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ၎င်းတို့လက်ထဲရှိ လက်ဆွဲအိတ် တစ်လုံးကိုပစ်ချ၍ ထွက်ပြေးသွားခဲ့သဖြင့် လက်ဆွဲအိတ်ကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား