နေပြည်တော် ၇ ဒီဇင်ဘာ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီတွင် မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့၊ နားလုံကျေးရွာအနီး၊ ဗန်းမော်-မြစ်ကြီးနားသွား ကားလမ်းတွင် မအေးဆောင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၉၀ သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ညနေ ၄ နာရီတွင် ၎င်းနေထိုင်သည့် ဒေါ့ဖုန်းယန်မြို့၊ နားလုံကျေးရွာရှိနေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၁၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၈ ကီလိုတို့ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ ညနေ ၅ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ ပိတောက်မြိုင်လမ်းရှိ လပြည့်(ခ)အရိုး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မီးဖိုဆောင်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၂,၁၅၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

အလားတူ ဒီဇင်ဘာ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာ၊ မိုင်တိုင်အမှတ် (၃၉/၅)အနီးတွင် မအေးခမ်း မောင်းနှင်ပြီး အိုက်ကပ်လိုက်ပါလာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီတွင် တန့်ယန်းမြို့၊ အမှတ်(၅)ရပ်ကွက်နေ  မနန်းစိန်ဥကို ဖမ်းဆီးရမိခဲ့သဖြင့် မအေးခမ်း (၄၄)နှစ်၊ အိုက်ကပ် (၁၄)နှစ်၊ မနန်းစိန်ဥ (၃၄)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲပြန်ကြား